#Local_News
Published_13 July 2022

 

Facebook Messenger မှ တစ်ဆင့် ရန်ကုန်မြို့ထိသွားရောက်၍ ငွေစက္ကူအတုဝယ်သူများအား ဖမ်းမိကြောင်း သိရသည်။

 

ဇူလိုင်လ ၁၂ ရက်နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအနီး၌ ငွေစက္ကူအတုများလဲလှယ်နေကြောင်း သတင်းရသည့်အတွက် တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

 

၎င်းငွေစက္ကူအတုများအား Facebook Messenger မှတစ်ဆင့် ဆက်သွယ်၍ တောင်ကုတ်မြို့နယ်၊ ပဒါကျေးရွာနေ မာမာဝင်း၊ ခင်သီတာလွင်တို့နှင့်အတူ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းအနီး၌ ငွေစက္ကူအစစ် ၁၇ သိန်း ပေး၍ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၅၃၀၀၀၀၀ ကျပ် သွားရောက်ဝယ်ယူခဲ့ပြီး ပြန်လာစဉ် လမ်းခရီးတစ်လျှောက်၌ ငွေစက္ကူအတုများဖြင့် ဈေးဝယ်သုံးစွဲခဲ့ကြောင်း ဖမ်းဆီးမိသူ တောင်ကုတ်မြို့နယ် လိပ်ကုန်းဘောင်ကျေးရွာမှ အသက် ၂၁ နှစ်ခန့်အရွယ် သန့်ဇင်ထွန်းအား စစ်ဆေးချက်တွင် ဖော်ပြထားသည်။

 

၎င်းအား ငွေစက္ကူအတုဟုယူဆရသော ခဓ ၈၄၂၇ ၅၉၈/BS 8427598 နံပါတ်စဉ်ပါ ၁၀၀၀၀ ကျပ်တန် ၁၀၅ ရွက် (၁,၀၅၀,၀၀၀ ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

 

ဖမ်းဆီးရမိသည့်ငွေစက္ကူအတုများတွင် လေဆာကြိုးအရောင်မှာ ပြောင်းလဲခြင်းမရှိဘဲ သာမန်မိတ္တူကူးစက္ကူအမျိုးအစားဖြင့် ရိုက်ထားသည့်ငွေစက္ကူဖြစ်ကြောင်း၊ ငွေစက္ကူအစစ်ထက် အလျား ၁ မီလီမီတာ ရှည်ပြီး အနံ ၁ မီလီမီတာ တိုနေကြောင်း သိရသည်။

 

သန့်ဇင်ထွန်းနှင့် အတူ ငွေစက္ကူအတုသွားဝယ်သည့် အသက် ၃၉ နှစ်အရွယ် မာမာဝင်းနှင့် ခင်သီတာလွင်တို့ကိုလည်း ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၂၂၉ ရွက်နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

 

လက်ရှိတွင် တောင်ကုတ်မြို့မရဲစခန်း၌ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ymg/mt
#Yangon_Media_Group