#Local_News
Published_5 July 2022

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း နစက ဥက္ကဌက ဇူလိုင်လ ၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

ဥက္ကဌက ရန်ကုန်-ပုသိမ်လမ်းမကြီး အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လည်း အာဆီယံသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တည်ဆောက်သွားရန်လိုသည့်အပြင် ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ခရီးသွားလုပ်ငန်းအတွက် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် Asia World Group of Companies ၏လက်အောက်ခံ International Travel Asia ကုမ္ပဏီတို ပူးပေါင်း၍ လွန်ခဲ့သော ၃ နှစ်ကျော်ကာလက ရန်ကုန်-ပုသိမ်လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် ၄ ရက်၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ ညနေပိုင်း ၃ နာရီမှ ၄ နာရီခွဲ အကြား တစ်ရက်လျှင် အသွားအပြန် တစ်ခေါက်စီ ပျံသန်းပြေးဆွဲခဲ့သေးသည်။

 

ရန်ကုန်မှ ပုသိမ်ခရီးစဉ်အတွက် နိုင်ငံခြားသားခရီးသည်တစ်ဦးလျှင် အမေရိကန် ၅၅ ဒေါ်လာနှင့် နိုင်ငံသားများ အတွက်တစ်ဦးလျှင် ၅၅၀၀၀ ကျပ် ၊ ပုသိမ်မှ ရန်ကုန်ခရီးစဉ်အတွက် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ၅၃ ဒေါ်လာ နှင့် နိုင်ငံသားတစ်ဦးလျှင် ၅၃၀၀၀ ကျပ်သတ်မှတ် ပြေးဆွဲခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခင်က ပုသိမ်- ရန်ကုန်ခရီးအတွက် ရေကြောင်းလမ်းနှင့် လေကြောင်းလမ်း ရှိခဲ့သော်လည်း ၁၉၆၂-၆၃ ခုနှစ် ခန့်ကာလတွင် လေကြောင်းခရီးစဉ် ရပ်ဆိုင်းခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပုသိမ်-ရန်ကုန် ကားလမ်းပေါ်ပေါက်လာပြီးနောက် ၂၀၁၃ ခုနှစ်တွင် ပုသိမ်-ရန်ကုန်ရေကြောင်းခရီးသင်္ဘောလိုင်းများ ရပ်ဆိုင်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက သိရသည်။

 

ymg/mt
#Yangon_Media_group