Published - 30 June 2022

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှု သေဆုံးမှုနှုန်းသိသိသာသာကျဆင်းလာသည့်အတွက် အများနှင့်ဆိုင်သောနေရာအချို့မှလွဲ၍ နှာခေါင်းစည်းတပ်ခြင်းကို ဖြေလျှော့ပေးလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ယင်းသို့ဖြေလျှော့ပေးရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားလာခြင်း၊ ပြည်သူလူထုမှ ကာကွယ်ရေးစည်းမျဥ်းစည်းကမ်းများအား ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းများကြောင့် ရောဂါကူးစက်မှုနှုန်းနှင့်သေဆုံးမှု လျော့နည်းလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်- ၁၉ ရောဂါတစ်ကိုယ်ရေကာကွယ်ရေးစည်းမျဥ်းစည်းကမ်းများအနက် အခန်းတွင်း၌လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာရှ်ိနေခြင်း၊ အများပြည်သူအသုံးပြုသောမော်တော်ယာဥ်၊ မီးရထား၊ သင်္ဘော၊ လေယာဥ်စသည့်ယာဥ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူဝင်/ထွက်သွားလာအသုံးပြုသောဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊စျေယဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာအစရှိသော လူထူထပ်သောနေရာများ၌ လူအများနှင့်အတူရှိနေခြင်း၊ ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်းစသည့် ကိုဗစ်- ၁၉ ရောဂါသံသယလက္ခဏာတစ်ခုခုရှိခြင်း ဖြစ်ပေါ်ပါကနှာခေါင်းစည်းတပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအ​ပြင်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်ပြီး မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံခြင်းဖြင့်သာ ထိရောက်စွာကာကွယ်နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် ထပ်ဆောင်းကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ymg/sth