#Local_News
Published - 30 June 2022

 

မသမာသူများမှ KBZ Pay အမည်ဖြင့် ငွေကြေးလိမ်လည်ထုတ်ယူမှုများရှိနေကြောင်း သိရသည်။

 

"ပထမတုန်းက MPT ရုံးချုပ်ကဆိုပြီး ဖုန်းဝင်လာတယ်။ MPT Bonus ရလို့ K Pay ထဲငွေထည့်ပေးချင်လို့ဆိုပြီး ပြောပါတယ်။ K Pay ထဲငွေဝင် မဝင်စစ်ခိုင်းပါတယ်။ မဝင်ဘူး ပြောတော့ ကျွန်တော်ပြောသလို တစ်ခုချင်းစီဆက်တိုက်လုပ်ပေးပါဆိုပြီး ပြောတယ်။ သူပြောတာတွေလိုက်လုပ်ရင်း ဖုန်းချပြီး ဖုန်းပြန်စစ်တော့ K Pay ထဲကငွေ အကုန်ပါသွားတယ်။ ကျွန်တော်သိသလောက်ကတော့ ကျွန်တော့်အသိတွေထဲမှာ သုံးလေးယောက်လောက် ပါသွားပြီးကြပြီ"ဟု ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက ပြောသည်။

 

အဆိုပါ လိမ်လည်မှုများကို အသက်အရွယ်ကြီးသူများအား ဦးတည်လုပ်ဆောင်နေကြကြောင်း လွန်ခဲ့သည့်နှစ်ရက်ခန့်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။

 

"ည သန်းခေါင်လောက်မှာ မက်ဆေ့ချ်ပို့တယ်၊ Viber ကနေ ဝင်လာတာ၊ KBZ Pay အတုလေ မက်ဆေ့မဖတ်တော့ ဖုန်းပါခေါ်တာ၊ ည ၁၂ နာရီကြီး။ ကြည့်လိုက်တော့ အတုမှန်းသိလို့ Block လိုက်တယ်။ Viber အပြင် အခြားမက်ဆင်ဂျာတွေကနေ လိမ်နေကြတာလို့ မိတ်ဆွေတွေက အချင်းချင်းပြောကြတယ်။ အထူးသဖြင့် အသက်ကြီးသူတွေပေါ့။ သူတို့က သိပ်မသိကြဘူးလေ၊ pin နံပါတ်တောင်းတာနဲ့တင်ကြောက်လန့် ပြီးပေးလိုက်တော့ အကုန်ထုတ်သွားရောတဲ့"ဟု Kpay နှင့်ပတ်သက်၍ ကြုံတွေ့ရသူတစ်ဦးက ပြောသည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ KBZPay အသုံးပြုသူများအနေဖြင့် မိမိထံမှ SMS ကုဒ်များ (OTP) နှင့် PIN (လျှို့ဝှက်နံပါတ်) များကို ဖုန်း သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် မေးမြန်းတောင်းခံခြင်း ပြုလုပ်ပါက မပေးရန်နှင့် မည်သူနှင့်မှ မျှဝေသုံးစွဲခြင်းမပြုရန် လိုအပ်ကြောင်း၊ KBZ Pay ၏မှန်ကန်သည့်သတင်းအချက်အလက်များ၊ ပရိုမိုးရှင်းနှင့်ပတ်သက်သည့် သတင်းများအပါအဝင် အခြားဝန်ဆောင်မှုသတင်းများအားလုံးကို KBZ Pay ၏တရားဝင် Channel များဖြစ်သည့် အပြာရောင်အမှတ်အသားပါ KBZ Pay Facebook page၊ KBZ Pay Viber Community Channel၊ KBZPay Official Website နှင့် KBZ Pay App ရှိ KBZPay Official Account တို့တွင် အချိန်နှင့်တပြေးညီ တင်ပြပေးကြောင်း KBZ က ထုတ်ပြန်ထားသည်။

 

ယင်းအပြင် KBZ Pay အနေဖြင့် သုံးစွဲသူများ၏ PIN နံပါတ်၊ OTP နှင့်ကိုယ်ရေးအချက်အလက်များကို မည်သည့်အခါမျှ တောင်းခံမည်မဟုတ်ကြောင်း KBZ က သိပေးကြေညာထားသည်။

 

ymg/mt
#Yangon_Media_Group