#Local_News
Published_ 28 June 2022

 

ဇွန်(၂၅)ရက် ညပိုင်းတွင် လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်း(အောက်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာ ဦးနေဝင်းထွန်း၏ မိသားစုဝင်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက သွားရောက် အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရပါတယ်။

 

ထို့ပြင် နေပြည်တော်ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေတဲ့ မူလတန်းပြဆရာ ဦးလှိုင်မင်းထွန်းအား သွားရောက်၍ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါတယ်။

ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ် ဒေသလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို အလေးထားပြီး ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရန် ပြောကြားခဲ့ပါတယ်။

 

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group