#LocalNews
Published _ 26 June 2022

 

မွန်ပြည်နယ်၊ မုဒုံမြို့ ဒိုးမားကျေးရွာရှိ ဒေသခံတောင်သူ ယာမြေတွင် ၂၀၂၂ ခုနှစ် ၊ မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် လက်တွေ့စိုက်ပျိုးနည်း သရုပ်ပြသခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မုဒုံမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဒေသခံတောင်သူများကို မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျွဲနွားတိရစ္ဆာန်များအတွက် အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသောအစားအစာအဖြစ် ကျွေးမွေးနိုင်ရန်၊ အာဟာရပြည့်ဝစေပြီး အထွက်နှုန်းတိုးတက်မြင့်မားလာစေရန်နှင့် နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် ကျွဲနွားတိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် စနစ်တကျ ပြောင်းလဲမွေးမြူကာ ကြီးထွားဖွံ့ဖြိုးသော ကျွဲနွားတိရစ္ဆာန်များ ပိုမိုမွေးမြူထုတ်လုပ်နိုင်စေရန်၊ နေဗီယာမြက်ကို နွားစာအဖြစ်ကျွေးမွေးပါက လိုအပ်သော အာဟာရဓာတ်ပမာဏ ပြည့်ဝစွာရရှိနိုင်သည့်အတွက် ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

 

မုဒုံခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများသည် ယာမြေတစ်ဧကတွင် နေဗီယာမြက် လက်တွေ့သရုပ်ပြ စိုက်ပျိုးကြကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group