#LocalNews
Published _ 22 June 2022

 

ရေချို၊ ရေငံ ငါး သယံဇာတများ ကြွယ်ဝစွာတည်ရှိသည့် မြန်မာနိုင်ငံတွင် ပင်လယ်ငါးထုတ်လုပ်မှုအပါအဝင် ရေချိုငါးထုတ်လုပ်မှုများနှင့် ငါးဖမ်းဆီးရရှိမှုများ တစ်နှစ်ထက် တစ်နှစ်သိသိသာသာ လျော့နည်းလာကြောင်း သိရသည်။

 

မြန်မာ့ရေပိုက်နက်အတွင်း ငါးသယံဇာတတည်ရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ နော်ဝေသုတေသန ရလဒ်များအရ မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတများ သိသိသာသာလျော့နည်းလာပြီး ၂၀၁၈ ခုနှစ်က ရေပေါ်ငါးထုထည်ပမာဏမှာ လွန်ခဲ့သည့် ၁၉၇၉ ခုနှစ်၊ ၁၉၈၀ ပြည့်နှစ်များနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားကြောင်း စိုက်ပျိုးရေးမွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်များ ပေါများသောကြောင့် ငါးသယံဇာတများ ကြွယ်ဝသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ငါးနှင့်သယံဇာတများပိုင်ဆိုင်မှု အဆင့် ၄ တွင်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

 

ရေချိုငါးလုပ်ငန်းမှာ နိုင်ငံတော်၏ စီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလတ်ဒေသ အသက်မွေးဝမ်းကျောင်းအတွက် အဓိကအရင်းအမြစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ရေချိုငါးဖမ်းလုပ်ငန်းရဲ့ ထုတ်လုပ်မှုအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်းငါးထုတ်လုပ်မှု၏ ၂၈ရာခိုင်နှုန်းခန့်ရှိကြောင်း ဌာန၏ စစ်တမ်းများအရသိရသည်။

 

ယင်းလုပ်ငန်း၏ ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၅သန်းအထိ ရှိခဲ့ပြီး လူဦးရေ ၁၅သန်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေကြောင်း၊ ပြည်တွင်းငါးအစိုစားသုံးမှု ၂၇ ရာခိုင်နှုန်းကိုလည်း ထောက်ပံ့ပေးနေကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group