#LocalNews
Published _ 20 June 2022

 

၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်း ဘာသာရပ်( ၁၁ )ခုအတွက် လုပ်သက်ကန့်သတ်ချက်တွေမရှိဘဲ ဘွဲ့လွန်ပညာသင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

ပြည်သူ့ဆေးရုံကြီးများ၌ အကူသူနာပြုသင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး သူနာပြုများ၏ ရာထူးအခွင့်အလမ်းများကို သတ်မှတ်ချက်များနှင့်အညီ တိုးမြှင့်ရေးဆောင်ရွက်ပေးလျက်ရှိကာ ဆရာဝန်များအတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများ၊ အစည်းအဝေးများနှင့် နှီးနှောဖလှယ်ပွဲများသို့သွားရောက်၍ ပညာလေ့လာဆည်းပူးနိုင်ရန် စိစစ်ပံ့ပိုးပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

"၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းတွေ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေရာမှာ ဘာသာရပ် (၁၁)ခု အတွက် လုပ်သက်ကန့်သတ်ချက်တွေမရှိပဲ ဘွဲ့လွန်ပညာသင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။ ဓာတ်မှန်လိုဘာသာရပ်တွေအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ မြို့တွေမှာရှိတဲ့ ပါမောက္ခတွေရဲ့ အကြံပြုချက်တွေကို ရယူနိုင်မယ့် Teleconsultation၊ Teleradiology စနစ်ကို လုပ်ဆောင်နေပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုလို ပြောသည်။

 

ယင်းအပြင် ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်သည့် ထိန်းချုပ်မှုများကို ဖြေလျှော့၍ ခရီး သွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲမှုဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ RDT စစ်ဆေးပေးခြင်းဖြင့် မိမိတို့လိုရာသို့ ဆက်လက်သွားရောက်နိုင်အောင်ဆောင် ရွက်ပေးခဲ့သည် ဟုဆိုသည်။

 

"နိုင်ငံတကာခရီးသွားတွေအတွက် ကျန်းမာရေးအာမခံစနစ်ကိုလည်း နိုင်ငံတော်ကစီစဉ်ဆောင်ရွက်ပေးထားသလို Monkeypox ရောဂါကူးစက်ပျံ့နှံမှု မရှိစေဖို့အတွက်လည်း နိုင်ငံတကာခရီးသွားတွေအတွက် Health Declaration Card တွေပြုစုပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား ဇွန်လ ၁၉ ရက် နံနက်ပိုင်းက တွေ့ဆုံစဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ymg/NN
#Yangon_Media_Group