#LocalNews
Published _ 16 June 2022

 

ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို အပြည့်အဝထုတ်လုပ်ရန် ရည်ရွယ်ချက်များဖြင့် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၁)တွင် ဟင်းသီးဟင်းရွက် လက်ကားဈေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

"စိုက်ဧကတွေ အားလုံး ပြည့်ဝစွာစိုက်ပျိုးပြီး မြေကိုအကျိုးရှိရှိအသုံးချဖို့နဲ့ စိုက်နည်းစနစ်တွေ မှန်ကန်စွာစိုက်ပျိုးဖို့၊ ရေတွေကိုလည်း အကျိုးရှိရှိအသုံးချဖို့၊ အထွက်နှုန်းကောင်းမွန်အောင်ဆောင်ရွက်ဖို့တွေအပြင် မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စနစ်တကျ မွေးမြူဖို့နဲ့ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ဖို့အတွက် ခွင့်ပြုပေးထားတဲ့မြေတွေကို ပြည့်ပြည့်ဝဝ စိုက်ပျိုးမွေးမြူဖို့တွေအပါအဝင် စိုက်ပျိုးမွေးမြူရေးနဲ့ မသက်ဆိုင်တဲ့ မြေအသုံးချမှုမရှိစေဖို့ တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ဖို နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားခဲ့တာကြောင့် လမ်းညွှန်ချက်နဲ့အညီ မြေကွက်လပ်မရှိစေဘဲ အားလုံးစိုက်ပျိုး၊ မွေးမြူရေးလုပ်ဆောင်ကြဖို့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များ အနေနဲ့ လုပ်ငန်းတွေ အကောင် အထည်ဖော်နိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း လိုအပ်တာတွေ ပံ့ပိုးသွားမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ပြောသည်။

 

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နှင့် မှော်ဘီမြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်း၏ မြောက်ဘက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ရန်ကုန်-ပြည်လမ်းအကြား တည်ရှိပြီး ရန်ကုန်မြို့တော်နေပြည်သူများ သား၊ ငါး ဟင်းသီးဟင်းရွက် စားသောက်ကုန် ဖူလုံစေရေးအတွက် တစ်ယူနစ်လျှင် ၅ ဧက အကျယ် အဝန်းရှိ မြေနေရာများဖော်ထုတ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ယင်းမှ သိရသည်၊၊

 

ညောင်နှစ်ပင်စိုက်ပျိုး၊ မွေးမြူရေး အထူးဇုန်ဖွံ့ဖြိုးရေးတွင် အထူးဇုန် (၁) ၏ အကျယ်မှာ ၃၇၈၀ ဧက၊ အထူးဇုန် (၂)၏ အကျယ်မှာ ၄၉၀၁ ဧက၊ အထူးဇုန် (၃)၏ အကျယ်မှာ ၃၇၇၂ ဧကရှိပြီး ယခုအခါ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 

ymg/NN
#Yangon_Media_Group