#LocalNews
Published - 15 June 2022

 

ဂျပန်နိုင်ငံရှိ မိတ်ဖက်ကုမ္ပဏီများနှင့် သီလဝါအကွက်-၂၈ တွင်ဆောင်ရွက်ရန်ရှိသည့် LNG to Power စီမံကိန်း၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတိုမှ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ဆောင်ရွက်နေသည့် လှည်းကူးစီမံကိန်းတို့အပြင် အခြားစီမံကိန်းများကို လက်ရှိအခြေအနေများကြောင့် လက်တလောတွင် ခေတ္တရပ်ဆိုင်းထားရကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက်(MAPCO)၏ ၂၀၂၁-၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

MAPCO အနေဖြင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပိုကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေးမူဝါဒများနှင့် လိုက်လျောညီထွေသော အလားအလာရှိသည့် လုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်ရန် ဦးစားပေးဆောင်ရွက်နေကြောင်း သိရသည်။

၂၀၂၀ နှစ်ဆန်းပိုင်းတွင် စတင်ခဲ့သည့် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးနှေးကွေးကျဆင်းမှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးမတည်ငြိမ်မှုများ၊ စီးပွားရေး လူမှုရေးဆိုင်ရာ အခက်အခဲများအကြားမှာ MAPCO ကို ရှင်သန်ရပ်တည်နိုင်အောင် ဆောင်ရွက်ခဲ့ရကြောင်း အစီရင်ခံစာအရ သိရသည်။

 

ယင်းအပြင် ဆန်နှင့် လယ်ယာထွက်ကုန်တွေကို ထုတ်ပိုးသည့် အိတ်ခွံထုတ်စက်ရုံ တည်ဆောက်ရန် စီစဉ်နေကြောင်း၊ အဆိုပါစက်ရုံကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ MAPCO ပိုင်ဆိုင်သည့် မြေနေရာပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံကို အိန္ဒိယနိုင်ငံမှ မိတ်ဖတ်ရင်းနှီးမြှုပ်နှံသူနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့၏ အစီရင်ခံတင်ပြစာတွင် ပါရှိသည်။

 

ymg/sth
#Yangon_Media_Group