#LocalNews
Published - 2 June 2022

 

ရန်ကုန်မြို့တွင်းရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးနေသော YBS ယာဥ်နှင့်တက္ကစီယာဥ်များတွင် လိုက်ပါစီးနင်းသည့် ခရီးသည်များ၏ လုံခြုံရေးအတွက် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

 

YBS ယာဥ်လိုင်းနှင့် တက္ကစီယာဥ်များပေါ်တွင် ခရီးသည်များမှ ခါးပိုက်နှိုက်ခံရခြင်း၊ လုယက်မှုများကြုံတွေ့နေရခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ၄င်းကအထက်အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

"အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြတယ်၊ ကျွန်တော်တို့သုံးကြိမ်တောင်ရှိပြီ၊ တင်ပြထားပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ညွှန်ကြားတယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ အရေးယူပေးဖို့ဆိုပြီး ညွှန်ကြားထားတယ်" ဟုဦးလျန်ကျင့်မာန်က ပြောသည်။

 

လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းပေါင်း ၁၁၃ လိုင်း ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့်ပြေးဆွဲပေးနေပြီး ခရီးသည် ၉ သိန်းနီးပါးစီးနင်းမှုရှိကြောင်း သိရသည်။

 

" အစ်ကိုတို့က CCTV နဲ့လုံခြုံရေးကတော့ အဓိကရှိပြီးသားပေါ့၊ ကားပေါ်မှာချက်ခြင်းသိပြီဆိုတာနဲ့ နီးစပ်ရာရဲစခန်းကိုသွားပြီး စစ်တယ်ဆေးတယ်၊ ဒါမျိုးကတော့လုပ်လေ့ရှိပါတယ်၊ အခုလိုမျိုးခါးပိုက်နှိုက်ဖြစ်စဥ်တွေ အခုနောက်ပိုင်း အစ်ကိုတို့ဆီမှာသိပ်တော့မရှိသေးဘူး၊ သိပ်မရှိတာ ဟိုလောက တော်တော်ကြာပြီ တစ်ခါနှစ်ခါတော့ဖြစ်ဖူးတယ်၊ မေ့ကျန်ပစ္စည်းရှိတာတွေ ရှိတယ်ပေါ့၊ အဲဒါတွေကို Fb page ပေါ်တင်ပေးတယ်၊ ခါးပိုက်နှိုက်ဖြစ်စဥ်ကတော့ အစ်ကိုတို့ဆီမှာသိပ်မရှိဘူး"ဟု Omni Focus ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းကပြောသည်။

 

ymg/sth
#Yangon_Media_Group