#LocalNews
Published - 30 May 2022

 

လက်ရှိပြည်တွင်းပဲစျေးကွက်မှာ နိုင်ငံတကာကဝယ်သည့်စျေးနှုန်းနှင့် ကိုက်ညီမှုမရှိသည့်အတွက် ပဲစျေးကွက်အရောင်းအဝယ်အေးနေကြောင်း ပဲကုန်သည် ဦးကိုကိုမြင့်က ပြောသည်။

 

လက်ရှိတွင် သယ်ယူပို့ဆောင်ရေးစရိတ်အပါအဝင် အထွေထွေစရိတ် ကြီးမြင့်ခြင်း၊ ရရှိလာသည့် ပို့ကုန်ဝင်ငွေကို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နှုန်းထားနှင့်သာ ကျပ်ငွေပြန်လည်ရရှိသည့်အတွက် အခက်အခဲကြုံတွေ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"သိပ်ပြီးတော့မကိုက်ဘူး။ လက်တွေ့မှာဖြစ်တဲ့စျေးနဲ့ နိုင်ငံတကာကဝယ်တဲ့စျေးနဲ့မကိုက်ကြဘူး။ ဝယ်စျေး တစ်ဒေါ်လာကို ၁,၈၅၀ ကျပ်နဲ့အရောင်းအဝယ်လုပ်လိုမရဘူး။ အိန္ဒိယကကန့်သတ်ထားတာမရှိဘူး။ ပို့ချင်တာပို့လို့ရတယ်။ အဝယ်ကကိုအေးနေတာ။ ပဲတီစိမ်းကတော့ ကန့်သတ်ထားတယ်။ အရောင်းအဝယ်အေးတယ်လို့ပြောလို့ရမယ်"ဟု ဦးကိုကိုမြင့်က ပြောသည်။

 

ဗဟိုဘဏ်မှ ကန့်သတ်ထားသည့် ဒေါ်လာစျေးများကြောင့် ကုန်သည်များအနေဖြင့် အခက်အခဲများရှိနေကြောင်း၊ လက်ရှိတွင် ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် မြေပဲနှင့် နှမ်း ပြည်ပသို့ တင်ပို့မှုကို မေ ၉ ရက်မှစ၍ ယာယီဆိုင်းငံ့ထားပြီး နယ်စပ်ကုန်သွယ်ရေးဇုန်များမှ တစ်ဖက်နိုင်ငံသို့တင်ပို့နေသည့် လယ်ယာထွက်ကုန်ပစ္စည်းများအနက် ဆီထွက်သီးနှံ နှမ်းနက်မှအပ မြေပဲနှင့် နှမ်းတင်ပို့မှုများကို ဆိုင်းငံ့ထားကြောင်း သိရသည်။

 

လက်ရှိအချိန်သည် မြေပဲနှင့် နှမ်းရှားပါးချိန်ဖြစ်ပြီး စျေးကွက်အတွင်း၌ တက်ဈေးကိုစောင့်၍ လှောင်ထားသူများသာရှိကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

 

ymg/sth
#Yangon_Media_Group