#Local_News 
Published_ 27 May 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ဇောတိက(၃)လမ်းရှိ ဇော်မင်းစိုး၏နေအိမ်ကို သတင်းအရဝင်ရောက်ရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေဲ့ရာ ကျော်ကျော်အောင်၊ ဝင်းထွန်း၊ လှစိန်မောင်၊ ချစ်ဦးမောင်၊ ဇင်မင်းကို၊ လွင်မင်းထိုက်နှင့် သက်ပိုင်ဦးတို့ ၇ ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၁၅၀ တို သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၃)ရပ်ကွက်၊ စံပယ်လမ်းရှိ ဇော်မင်းစိုးက ကျော်ကျော်အောင် အမည်ဖြင့် ငှားပေးထားသည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

 

ကွင်းဆက်အရ မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ(၃)ရပ်ကွက်၊ ခူဒိုင်လမ်းနေ မမီးငယ်စိုး (ခ) သီတာစိုးကို မြန်မာငွေကျပ် ၈၅ သိန်းနှင့်လည်းကောင်း၊ ပြည့်စုံနှင့် ကျော်သူတို့အား HINO ၆ ဘီး မော်တော်ယာဉ်တစ်စီး၊ မြန်မာငွေကျပ်သိန်း ၄၀ တို့နှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

 

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ဖမ်းမိနေအိမ်များ၌ သိုလှောင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ကြောင်းနှင့် သယ်ဆောင်ရောင်းဝယ်သူ ဇော်မင်းစိုးမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရပါတယ်။

 

ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group