#LocalNews
Published_26 May 2022

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသား ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA–PC) ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ မေလ ၂၅ ရက်တွင် နေပြည်တော်၌ ငြိမ်းချမ်းရေးဆွေးနွေးမှုစတင်ပြီ ဖြစ်သည်။

 

တွေ့ဆုံမှုတွင် နစက ဥက္ကဌက တိုင်းဒေသကြီးပြည်နယ်တိုင်း ၌ တိုင်းရင်းသားလူမျိုးတစ်ခုတည်း သီးသန့်နေထိုင်သည်မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သောကြောင့် ပြည်ထောင်စုအကျိုးကိုကြည့်၍ ဆောင်ရွက်ရမည့် အခြေအနေ၊ငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံတည်ဆောက်ရေး၊တိုင်းပြည်တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မည်ဖြစ်၍ မိမိတိုင်းရင်းသား၊မိမိပြည်နယ်နှင့် မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားရန်လိုသည့်အခြေအနေ၊ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင်အသိပညာ၊

အတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်များပေါ်ထွက်လာရန် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံးတိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 

ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဌနှင့်အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောင်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြည်လည်ဆွေးနွေးကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတင်ပြခဲ့ကြကြောင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဌနှင့်အဖွဲဝင်များအဖွဲ့နှင့် နစက ဖွဲ့စည်းထားသော ကောင်စီဝင်များပါသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းမှုဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ နောက်နေ့များတွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်းသိရသည်။

 

KNU/KNLA–PC ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၅ ရက်) မွန်းလွဲပိုင်းက မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိကြခြင်းဖြစ်သည်။

 

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ်တို့သည် မေလ ၂၀ ရက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော အဖွဲ့တို့က မေလ ၂၁ ရက်မှ ၂၂ ရက်ထိလည်းကောင်း၊နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့ မေလ ၂၃ က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်သော အဖွဲ့တို့သည် မေလ ၂၃ ရက်မှ ၂၅ ရက်ထိ လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group