#LocalNews
Published- 25 May 2022

 

မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။

 

တရုတ်နိုင်ငံဘက်မှ ကိုဗစ်ကန့်သတ်ချက်များကြောင့် နယ်စပ်ဂိတ်အားလုံး ပိတ်ထားခြင်းဖြစ်ပြီး ယခုအခါ မေလ ၁၅ ရက်မှစတင်၍ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်ပေးခဲ့သည့် အတွက် ကုန်ကားများပုံမှန်အတိုင်းသွားနေပြီဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက ပြောသည်။

 

"နယ်စပ်ကုန်သွယ်ရေးကတော့ ပြန်လည်ဦးမော့လာပြီ။ မေလ ၁၆ ရက်နောက်ပိုင်းမှာ တိုးတက်လာပြီလို့ ပြောလိုရပါတယ်။ ကားတွေကလည်းတစ်နေ့ကို အစီးရေ ၁၀၀ လောက်တော့ သွားနေပြီ။ ကားအစီးရေနည်းတော့ စောင့်စရာလည်းမလိုတော့ဘူး။ ဂိတ်တွေမှာ ကုန်တွေလည်းပျက်စီး ဆုံးရှုံးမှုနည်းသွားတာပေါ့။ နယ်စပ်ဂိတ်တွေ အရင်လိုပုံမှန်အတိုင်း လည်ပတ်ဖို့ဆိုရင် ကြာဦးမယ်" ဟု ယင်းက ပြောသည်။

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် ယခင်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ခြောက်သန်းခန့်အထိ ကုန်သွယ်မှုပြုလုပ်နိုင်ပြီး ချင်းရွှေဟော်နယ်စပ်ဂိတ်အနေဖြင့် တစ်ရက်လျှင် ကန်ဒေါ်လာတစ်သန်းခန့်ကုန်သွယ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၏ ရာခိုင်နှုန်း ၉၀ ခန့်အထိ ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း၊ တရုတ်- မြန်မာနယ်စပ်ဂိတ်ပေါင်း ၁၄ ခုရှိသည့်အနက် နယ်စပ်ဂိတ်အချိုမှာပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group