#LocalNews
Published - 23 May 2022

 

အိမ်စီးယာဥ်ငယ်က လမ်းချော်ပြီး (၂၂)ဘီးတွဲယာဥ်အား ဝင်ရောက်တိုက်မိခဲ့သည့် ယာဥ်တိုက်မှုဖြစ်စဥ်တစ်ခု ဒီကနေ့ မေ ၂၃ ရက်၊ နေ့လယ် ၁၁ နာရီ ၄၅ မိနစ် အချိန်က ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီး၊ ခိုက်တုန်ဟုန်းရွာ၊ သံလမ်းကူးတွင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

"သူက လမ်းချော်ပြီး ဝင်တိုက်တာပေါ့။ မိုးတွေကရွာနေတော့ လမ်းချော်စလစ်ဖြစ်ပြီး ဝင်တိုက်မိတာပါ။ ယာဥ်နှစ်စီးရဲ့ ဦးခေါင်းပိုင်းပျက်စီးခဲ့ပါတယ်။ လူ ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။"လို့ ဒေသခံလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်ပွားရာသို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်မှ လူနာတင်ယာဉ်(၂)စီး ဖြင့် အချိန်နှင့်တပြေးညီ သွားရောက်ကူညီပေးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ယာဉ်ငယ်ပေါ်ပါရှိသော (ယာဉ်မောင်းအပါ)လူ ၄ ဦး ပွန်းပဲ့ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ထိခိုက်ဒဏ်ရာသူ ၄ ဦးကို အခင်းဖြစ်ပွားရာနေရာမှ ကျောက်မဲပြည်သူ့ဆေးရုံ(OPD)သို့ ဒေသခံ လူမှုကူညီရေးအသင်းမှ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

 

Photo - CJ

 

ymg/kg
#Yangon_Media_Group