#Local_News
Published_ 22 May 2022

 

နေပြည်တော်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲအား ဒီကနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပြီး RCSS ဖက်မှ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ RCSS အတွင်းရေးမှူး-၁ စဝ်စိုင်းငင်း နှင့် RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနောင်းတို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်းတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေး ကော်မတီဝင် ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့ပြီး RCSS အဖွဲမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ထို့နောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ ကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group