#LocalNews
Published - 18 May 2022

 

လာမယ့် ၂၀၂၂-၂၃ ပညာသင်နှစ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ယခုပညာသင်နှစ်တွင် KG မှ Grade - 11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကြေညာထားပြီးဖြစ်ရာ ကျောင်းအပ်လက်ခံရာတွင် မည်သည့်ငွေကြေးမျှမကောက်ခံဘဲ အခမဲ့ ပညာရေးစနစ်ကိုသာ ဆောင်ရွက်သွားမယ်လို့လည်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

ထိုကဲ့သို့ လာမယ့်စာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင်နေထိုင်တဲ့ မြို့နယ်ဒေသ (Catchment Area)များတွင် ကျောင်းအပ်နှံကြရမှာဖြစ်သော်လည်း သွားလာရေး အဆင်ပြေသည့် နေထိုင်ရာဒေသနှင့် နီးစပ်ရာကျောင်းများတွင် အပ်နှံနိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများအားလုံး အဆင်ပြေအာင် ညှိနှိုင်းဆောင်ရွက်ပေးကြဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုထားတာ ဖြစ်ပါတယ်။

 

ထို့အပြင် ယခုပညာသင်နှစ်၌ KG မှ Grade -11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမှာဖြစ်ပြီး ယမန်နှစ်က အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းသင်ရိုး Grade-6 မတက်ရသေးသူများအတွက် Grade-6 သင်ရိုးဟောင်းကိုလည်း ပြန်လည်သင်ကြားပေးမယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။

 

ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေမှာဖြစ်ပြီး ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ymg/kg
#Yangon_Media_Group