#LocalNews
Published - 7 May 2022

 

လတ်တလောမှာ ပုဂံဒေသမှာ သဲပန်းချီရေးဆွဲဖို့ အသုံးပြုရတဲ့ပိတ်စနဲ့ ရေးဆွဲတဲ့ ဆေးတွေဈေးတက်လာတဲ့အတွက် သဲပန်းချီကားဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာတယ်လို့ သဲပန်းချီရေးဆွဲသူ ကိုအေးမင်းက YMG ကို ပြောပါတယ်၊၊

 

အဲဒီလို သဲပန်းချီကားဈေးနှုန်းတွေ မြင့်လာပေမယ့်လည်း အရောင်းအဝယ်ပါးတဲ့အတွက် သဲပန်းချီကား ရောင်းချနေသူတွေအခက်တွေ့နေတယ်လို့ ဆိုပါတယ်၊၊

 

ပုဂံဒေသက စူဠာမဏိဘုရားမှာ သဲပန်းချီဆိုင်ဖွင့်ထားတဲ့ ကိုအေးမင်းက အခုလိုပြောပါတယ်၊၊

 

"နိုင်ငံခြားသားခရီးသွားမရှိတဲ့အတွက် အရောင်းအဝယ်တော်တော်ပါးတယ်၊၊ ပြည်တွင်းက ဘုရားဖူးတွေပဲအားကိုးနေရတယ်၊၊ သဲပန်းချီကားတွေကို အွန်လိုင်းကနေ ရောင်းပေမယ့်လည်းသိပ်မရောင်းရပါဘူး၊၊

 

ပြည်ပကနေဝယ်ယူတာမျိုး မရှိသေးဘူး၊၊ ဘုရားကိုလာတဲ့ဘုရားဖူးဧည့်သည်တွေကိုပဲ အားကိုးပြီးရောင်းနေရတယ်၊၊ အခုလောလောဆယ် သဲပန်းချီကားဈေးတွေတက်နေတယ်၊၊ သဲပန်းချီရေးဆွဲရတဲ့ ပိတ်စနဲ့ ဆေးဖိုးတွေတက်လာတော့ ကျွန်တော်တို့ သဲပန်းချီကားတွေ လည်းဈေးတက်လာတယ်၊၊ ရောင်းအားကတော့ အခုချိန်တော့ မကောင်းသေးဘူး"လို့ ကိုအေးမင်းက ပြောပါတယ်၊၊

 

အချို့ အွန်လိုင်းအသုံးပြုပြီး မရောင်းချတတ်သူတွေအနေနဲ့ သဲပန်းချီကားတွေ မရောင်းရတဲ့အတွက် သဲပန်းချီရေးဆွဲသူတွေ အခက်တွေ့နေပြီ စားဝတ်နေရေးအတွက် အခြားအလုပ်တွေလည်းတွဲလုပ်နေရတယ်လို့ ဆိုပါတယ်၊၊

 

သဲပန်းချီကားချပ်တစ်ချပ်(အသေးဆုံး)ကို အရင်က ကျပ် ၈၀၀၀၊ ကျပ် ၁၀၀၀၀ နဲ့ ရောင်းနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ကုန်ကြမ်းဈေးတွေတက်လာတဲ့အတွက် အနည်းဆုံးကျပ်(၁၂၀၀၀)လောက်နဲ့မှ ရောင်းနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group