Published 27 April 2022

မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ဝတ္တုကံတော်အတွင်းမှာ တည်ဆောက်မယ့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားကို ဧပြီ ၂၇ ရက် မနက်ပိုင်းက အဆိုပါ မင်္ဂလာနေရာမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားသို့  နေပြည်တော် ၊လယ်ဝေးမြို့ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊  တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ တို့အမှူးပြုတဲ့ သံဃာတော်(၅၄) ပါးကြွရောက်ချီးမြှင့်တော်မူကြောင်းသိရပါတယ်။

အဲဒီအပြင် SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကောင်စီဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါ တယ်။

အခမ်းအနားမှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော်ကြီးက ဝိသုံဂါမသိမ်တော်၏ ဘွဲ့တော်မည်ကို အဂ္ဂါဓိပတိ ဘွဲ့အမည် သမုတ်နိုင် ရန် လျှောက်ထားဩဝါဒခံယူခဲ့ပါတယ်။ အဲဒီအခါ ဆရာတော်များက သာဓုသုံးကြိမ်ခေါ်ဆိုပြီး သဘောဆန္ဒတူညီတော် မူကြပါတယ်။

အဲဒီနောက်အခမ်းအနားအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အလှူရှင်တွေက သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ လောင်းလှူခဲ့ကြတယ်လို့ သိရှိရပါတယ်။