Published 17 April 2022

ယနေ့ ဧပြီ(၁၇)ရက်မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်တွေရရှိသူတွေကို အမိန့်ထုတ်ပြန်ကြေညာခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အချို့လည်း ရရှိသူတွေ  ထဲ ပါဝင်ကြောင်းသိရှိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အချို့ကို နစက,က ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။အဲဒီ ခေါင်းဆောင်တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံးKNU ခေါင်းဆောင်စောမူတူးစေးဖိုး၊RCSS/SSA-S ခေါင်းဆောင် ဦးယွက်ဆစ်၊ပအို့ဝ်အဖွဲ့PNO (ရှမ်းပြည်တောင်ပိုင်း အထူးဒေသ-၆) မှ ဦးအောင်ခမ်းထီ၊ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ခေါင်းဆောင် ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဘALP မှ ဦးခိုင်စိုးနိုင်အောင်၊မွန်ပြည်သစ်ပါတီNMSPမှ ဦးနိုင်ရွှေကျင်နှင့် နိုင်ထောမွန်၊ KIO(ခွဲထွက်)မှ ဦးလဆန်အောင်ဝါ၊ KNU တပ်မဟာ(၆)၊တပ်ရင်း(၁၆)ဟောင်သရော အထူးအဖွဲ့ မှ ဦးစောသမူဟဲ၊KNUတပ်မဟာ(၂)သံတောင်အထူးဒေသအဖွဲ့ စောဖယ်ရီမိုး၊KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်းနှင့် အခြားခေါင်းဆောင်အချို့နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အချို့ ပါဝင်ကြပါတယ်။

အဲဒီအပြင် ယခင်နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၊ လမ်းစဉ်ပါတီခေတ်သမ္မတဟောင်း ဦးစန်းယုနှင့် ယခင် နဝတ ဥက္ကဋ္ဌနှင့်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးစောမောင်တို့ကိုလည်း အဂ္ဂမဟာသီရိသုဓမ္မာဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။ ပါလီမန်ခေတ် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေကိုတော့ မဟာသရေစည်သူဘွဲ့ပေးအပ်ခဲ့ပါတယ်။

ယခင်တပ်မတော်အစိုးရလက်ထက် ခေါင်းဆောင်ဟောင်း ဗိုလ်ချူပ်မှူးကြီးသန်းရွှေကိုလည်း အဂ္ဂမဟာ သရေစည်သူဘွဲ့ပေးအပ်ခဲ့ကြောင်း အမိန့်ကြေညာစာထဲမှာ ဖော်ပြထားပါတယ်။ ဘွဲ့ထူးဂုဏ်ထူးရရှိသူတွေထဲမှာ ယခင် နဝတနှင့် နအဖလက်ထက်မှာ အဆင့်မြင့်နိုင်ငံရေးတာဝန်တွေယူခဲ့တဲ့ အငြိမ်းစား တပ်မတော်အကြီးတန်းအရာရှိကြီးတွေ အများစု ပါဝင်နေတာတွေ့ရပါတယ်၊

အဲဒီအပြင် ခေတ်အဆက်ဆက်က အနုပညာရှင်အချို့ကိုလည်း ဘွဲ့တံဆိပ်နှင့်ဆုတံဆိပ်များပေးအပ်ထားပါတယ်. အဲဒီအထဲမှာ နန်းတော်ရှေ့ဆရာတင်၊ရွှေတိုင်ညွန့်၊ဦးရွှေနန်းတင်၊ တွံတေးသိန်းတန်၊စန္ဒယားချစ်ဆွေ၊စန္ဒယားလှထွတ်၊ ဦးမြတ်လေး၊သုမောင်နှင့်ဦးစိန်ဗိုလ်တင့်တို့လည်းပါဝင်ကြပါတယ်၊