#LocalNews
Published - 13 April 2022

 

ပြည်ပနိုင်ငံတွေမှ မြန်မာနိုင်ငံသို့ ပြန်လာမယ့်သူတွေအနေနဲ့ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း တစ်ရက်နေ့ကစတင်ပြီး ကွာရန်တင်း တစ်ညသာ ဝင်ရတော့မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်တွေကို ကိုဗစ်ရောဂါတွေကြောင့် ပျံသန်းခွင့်ရပ်တန့်ထားခဲ့ပြီး ယခုလာမယ့် ဧပြီလ ၁၇ ရက်နေ့က စတင်ကာ ပျံသန်းခွင့်ပြန်လည်ရရှိမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံသို့ လာရောက်မယ့်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို လွန်ခဲ့တဲ့ ၁၄ ရက်ကျော်က အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ် ပြသနိုင်ရမှာဖြစ်ပြီး အသက် ၆ နှစ်အောက် ကလေးတွေကိုတော့ ကာကွယ်ဆေးသတ်မှတ်ချက်တွေက ကင်းလွှတ်ခွင့်ပြုတယ်လို့ သိရပါတယ်။

 

ဒ့ါအပြင် ကိုဗစ်ရောဂါကင်းရှင်းကြောင်း RT – PCR နည်းနဲ့ မြန်မာနိုင်ငံသို့ ဆိုက်ရောက်တဲ့ အချိန်မတိုင်မီ အများဆုံး ၇၂ နာရီအတွင်း စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေ ပြသနိုင်ရမှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းကနေ ကိုဗစ်ရောဂါကျန်းမာရေး အာမခံဝယ်ယူထားတဲ့ အထောက်အထားကို ပြနိုင်ရမှာဖြစ်ပါတယ်။

 

ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံသို့ရောက်ရှိတာနဲ့ သီးသန့်မော်တော်ယာဉ်နဲ့ ဟိုတယ်ကို သွားရတဲ့ စရိတ်၊ RT-PCR နည်းနဲ့ စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေရရှိတဲ့အထိ သတ်မှတ်ဟိုတယ်မှာ နေထိုင်ရမှာဖြစ်တဲ့အတွက် ဟိုတယ်စရိတ်နဲ့ ကိုဗစ်ရောဂါ RT- PCR စနစ်နဲ့ စစ်ဆေးတဲ့စရိတ်တို့ကို မိမိအစီစဉ်နဲ့ ကျခံရမှာလည်း ဖြစ်ပါတယ်။

 

ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲအဖြေကိုတော့ ၂၄ နာရီအတွင်း သက်ဆိုင်ရာကျန်းမာရေးဌာနက ဟိုတယ်ကတစ်ဆင့် ပေးပို့ပေးမှာဖြစ်ပြီး ဓာတ်ခွဲအဖြေရတာနဲ့ သတ်မှတ်ဟိုတယ်ကနေ ထွက်ခွာနိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ymg/ ei
#Yangon_Media_Group