ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းအပါအဝင်မည်သည့်ကြိုးပမ်းမှုမျိုးမဆိုလက်ခံလိမ့်မည် မဟုတ်ကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ဇွန်၁၈ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မျက်နှာစုံညီအစည်းအဝေးကနေ မြန်မာနိုင်ငံအပေါ် မဲခွဲဆုံးဖြတ်ခဲ့တဲ့အပေါ် အခုလိုပြန်လည်တုန့်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒီနေ့က မျက်နှာစုံညီ အစည်းအဝေးမှာ လီချင်စတိန်း နိုင်ငံမှ တင်သွင်းတဲ့ “The Situation in Myanmar” အမည်ရှိ အဆိုမူကြမ်းအပေါ် မဲခွဲဆုံးဖြတ်ခဲ့ချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိတို့ထံ ကန့်ကွက်စာများပေးပို့ခဲ့ကြောင်း နစကနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တဲ့အထဲ ဖော်ပြထားပါတယ်။ ယင်းအဆိုဟာ တစ်ဖက်သတ် ပုံဖော်စွပ်စွဲချက်များနဲ့ မှားယွင်းတဲ့ ယူဆချက်များ ကို အဓိက အခြေခံထားပြီး၊ မြန်မာနိုင်ငံအပေါ် ကြိမ်ဖန်များစွာ ထပ်တလဲလဲအရေးယူသည့်လုပ်ရပ်ဖြစ်သလို နိုင်ငံတစ်နိုင်ငံအပေါ်မျှတမှုမရှိဘဲ ဦးတည်အရေးယူတဲ့အဆိုဖြစ်တာကြောင့် မြန်မာနိုင်ငံကယင်းအဆိုတစ်ခုလုံးနဲ့ဆွေးနွေးအရေးယူမှုများကို ကန့်ကွက်ပယ်ချလိုက်တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။ အဲဒီအစည်းအဝေးကို ဦးကျော်မိုးထွန်းပါဝင် တက်ရောက်ခဲ့တာကိုလည်း တရားဝင်မှုမရှိဘူးလို့ နစက ကပြောလိုက်ပြီး ပြင်းထန်စွာကန့်ကွက်ပယ်ချတယ်လို့လည်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နစကက သူ့ကိုရာထူးမှထုတ်ပယ်ပြီးနောက် နစက,က နိုင်ငံတော်သစ္စာဖောက်မှုနှင့်တရားစွဲဆိုထားတာပါ။ ဇွန်၁၈ရက်နေ့ကပြုလုပ်တဲ့ အဲဒီအစည်းအဝေးကနေ မြန်မာနိုင်ငံနှင့်ပတ်သက်လို့ မြန်မာနိုင်ငံ သို့ လက်နက်များစီးဆင်းမှုရပ်တန့်ဖို့၊ နိုဝင်ဘာရွေးကောက်ပွဲရလာဒ်ကိုလေးစားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးသမားတွေကိုပြန်လွှတ်ပေးဖို့မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။