#LocalNews
Published -13 Apr 2022

 

အမ်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း(ပဲပဒုံ)ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မှ မြောက်ဦး သို့ ဇော်မျိုးသန့်(ခ)ဖိုးထူး မောင်းနှင်ပြီး သိန်းသန်းမြင့်လိုက်ပါလာသော NISSAN DIESEL ၆ ဘီးယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်ရှိ အထည်ထုပ်များအတွင်း ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သန်း သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ည ၁၁ နာရီခွဲအချိန် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ကျော်မင်းသိန်း(ခ) သိန်းရွှေ နှင့် ထက်ဝေယံ၊ လှအောင်ဇံ၊ နန်းအောင်လင်း၊ မိုးချေ နှင့် မိုးကျော် တို့အား PROBOX ယာဉ်တစ်စီးနှင့်အတူ မြောက်ဦးမြို့တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ဧပြီလ ၆ ရက်နေ့ နံနက် ၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးပတ်လမ်းရှိ ဂိုဒေါင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းနှင့် MITSUBISHI CANTER မော်တော်ယာဉ်တစ်စီးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

 

သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီး မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group