Published 11 April 2022

မြန်မာ့ကော်ဖီအမှတ်တံဆိပ်များကို ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်နိုင်ရေးအတွက်  ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများက လိုအပ်သည့် အရင်းအနှီးတွေ ကူညီဆောင်ရွက်ပေးမယ်လို့သိရပါတယ်။

ဧပြီလ(၁၀)ရက်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ ကော်ဖီလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံရာတွင်  နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး စနစ်ကျနသည့် စိုက်ပျိုးမှု စနစ်ရှိရမည်ဖြစ်သလို လိုအပ်တဲ့ သွင်းအားစုတွေကိုလည်း မှန်မှန်ကန်ကန်ထည့်သွင်းဖို့လိုပါတယ်။အဲသလိုဆောင်ရွက်မှ အရည်အသွေးကောင်းမွန်တဲ့ ကော်ဖီရရှိမည်ဖြစ်ပါတယ်။ ကော်ဖီထုတ်ကုန်တွေ ဈေးကွက်ရရှိဖို့နှင့်  အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်စေဖို့  အစိုးရက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါတယ်။ လိုအပ်တဲ့ အရင်းအနှီးတွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက  ကူညီဆောင်ရွက်ပေးသွားမှာဖြစ်လို့  အမှန်တကယ် အောင်မြင်ပြီး မြန်မာ့ ကော်ဖီ(Myanmar Coffee Brand)ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ်” လို့ နစကဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ကော်ဖီလုပ်ငန်းရှင်တွေကလည်း ကော်ဖီစိုက်ပျိုးရေးစီမံကိန်းကို ဖော်ဆောင်ရာတွင် အစိုးရနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာန တွေကတာဝန်ရှိသူတွေ၊ ကော်ဖီလုပ်ငန်းရှင်တွေအားလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက် ဖို့ လိုအပ်တဲ့အခြေအနေတွေ၊ ကော်ဖီစီမံကိန်းတွေ စတင်ဆောင်ရွက်ပေးခဲ့စဉ် လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းတွင် မြန်မာ့ဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက် ချိတ်ဆက်ဆောင် ရွက်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် ကော်ဖီလုပ်ငန်းရှင်များ ထိခိုက်နစ်နာခဲ့ရတာတွေ၊ မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းပြီး နိုင်ငံတကာ ကော်ဖီ  ဈေးကွက်ကို ထိုးဖောက်နိုင် ရေးဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကော်ဖီသည် အလားအလာကောင်းသည့် ဈေးကွက် ရရှိလာတဲ့ အနေအထား၊ ကော်ဖီလုပ်ငန်းအောင်မြင်စွာဖြစ်ပေါ်လာရေး၊ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေက ဦးဆောင်ပြီး လုပ်ငန်းရှင်တွေအားလုံး ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်မှုတွေ၊အစိုးရက ခွင့်ပြုပေးထားတဲ့ စိုက်ပျိုးမြေ ဧရိယာတွေအတွင်း တရားမဲ့ဝင်ရောက်နေထိုင်ခြင်း၊ ရာသီသီးနှံများ စိုက်ပျိုးခြင်းတွေကြောင့် ကော်ဖီလုပ်ငန်းရှင်တွေရဲ့ ထိခိုက်နစ်နာနေရမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးစေလိုတာတွေကို ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဆွေးနွေးပွဲမှာ ကော်ဖီစိုက်ပျိုးမည်ဆိုကာ မြေကွက်တွေရယူထားပြီး လုပ်ငန်းဆောင်ရွက်ခြင်းမရှိကြတဲ့ လုပ်ငန်းရှင်တွေကို နစကဥက္ကဋ္ဌက သတိပေးစကားပြောခဲ့ပါတယ်။

လုပ်ငန်းဆောင်ရွက်မှု မရှိတာတွေကို  စည်းကမ်းနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်းရှိသော်လည်း တရားမဲ့နေထိုင်မှုများ၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်နစ်နာပျက်စီးခဲ့မှုများကို ပြန်လည် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်တယ်လို့သူကပြောပါတယ်။

ကျူးကျော်မှုများဖြစ်ပေါ်နေခြင်းဟာ  သတ်မှတ်ကာလ အတွင်း စိုက်ပျိုးဧရိယာအတွင်း၌ လုပ်ငန်းဆောင်ရွက်မှု မရှိခဲ့ခြင်း ကြောင့်ဖြစ်တဲ့အတွက် လုပ်ငန်းရှင်များ အနေဖြင့်လည်း မှန်မှန်ကန်ကန် အသုံးချဆောင်ရွက်ရန်လိုကြောင်းနှင့် စည်းကမ်းနှင့် မညီညွတ်သည့် ခွင့်ပြု မြေဧရိယာများကို ပြန်လည်သိမ်းဆည်းပြီး နောက်ပိုင်းတွင်လည်း စနစ်တကျ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နစကဥက္ကဋ္ဌက သတိပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီနှစ်ကော်ဖီရာသီမှာ နိုင်ငံခြားကို ကော်ဖီတန်ချိန် ၄၅၀မှ ၅၀၀အကြား တင်ပို့ဖို့ရှိတယ်လို့ ပြင်ဦးလွင်မြို့က ကော်ဖီသုတေသနနှင့်နည်းပညာဖြန့်ဝေရေးစင်တာကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခုမှာ ဇန်နဝါရီလတုန်းက သတင်းဖော်ပြခဲ့ပါတယ်။ အဲသလိုတင်ပို့ရာမှာ အမေရိကန်၊နယ်သာလန်၊ဩစတြေးလျ၊ဂျပန်၊ကိုးရီးယား၊   ပြင်သစ်၊ဂျာမနီ၊  ထိုင်းနှင့် တရုတ်နိုင်ငံတွေပါဝင်တယ်လို့ အဲဒီသတင်းမှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။