Published 6 April 2022

တာဝန်ပြီးဆုံးလို့ပြန်လည်ထွက်ခွာမယ့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Marie Faulkner ဟာ  ယနေ့ ဧပြီ(၆)ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဲသလိုတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ အကြမ်းဖက်အဖွဲ့မျာနှင့် အကြမ်းဖက်သမားများက နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်စီးစေရန် အပြစ်မဲ့ပြည်သူများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားနိုင်ငံ့ဝန်ထမ်းများ အပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် အခြေအနေများ၊ အဆိုပါ အကြမ်းဖက် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သူများ၊ အားပေးအားမြှောက်ပြုလုပ်သူများကို ဥပဒေ နှင့်အညီသာ အရေးယူဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီအပြင်  မြန်မာနိုင်ငံသို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် လာရောက်ခဲ့မှုကို ဩစတြေးလျနိုင်ငံအနေဖြင့် ဝမ်းမြောက်ကြိုဆိုပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်မည် ဟု ယုံကြည်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘောတူညီ ချက်(၅)ရပ်အပေါ် ဆောင်ရွက်နိုင်သည်မှန်သမျှကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများအတိုင်းသာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ရေး အတွက်လည်း ဆောင်ရွက်ပေး၍ရနိုင်သည်မှန်သမျှကို တွေ့ဆုံဆွေးနွေးနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အာဆီယံအသင်း၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဌာန AHA Centre မှတစ်ဆင့် အကူအညီများပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင်လည်း မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသူများနှင့် ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသူ များရှိပြီး အစိုးရကိုကူညီမှုနှင့် ပြည်သူကိုကူညီမှုကို ကွဲပြားစွာ သိမြင်စေလိုသည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံရာတွင် နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့တက်ရောက်ကြပြီး ဩစတြေးလျနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံစစ်သံမှူး Colonel Anthony Egan နှင့် သံရုံး ဒုတိယအတွင်းဝန် Mr. Bryan Bong တို့တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။