Published 3 April 2022

တောရိုင်းတိရိစ္ဆာန်အရှင်တွေကို အွန်လိုင်းက တရားမဝင်ရောင်းဝယ်နေတာတွေ မြန်မာနိုင်ငံမှာ မြင့်တက်လာနေပြီး အဲဒါဟာ ပြည်သူ့ကျန်းမာရေးနှင့် အန္တရာယ်ရှိနေတဲ့မျိုးစိတ်တွေအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်လို့ ကမ္ဘာ့ တောရိုင်းတိရိစ္ဆာန်ရန်ပုံငွေအဖွဲ့ WWF က ပြောတယ်လို့ အေပီသတင်းဌာနက မကြာသေးမီက ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဒီလိုဝယ်ရောင်းလုပ်နေတာတွေအပေါ် ပိတ်ပင်တားမြစ်မှု တွေအားနည်းနေတာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ တောရိုင်းတိရိစ္တာန် တရားမဝင်ရောင်းဝယ်မှုဟာ ၁၁၄၀၆ခုရှိခဲ့ပြီး မနှစ်ကထက် ၇၄ ရာခိုင်နှုန်းမြင့်တက်လာတာဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

အဲဒီအရောင်းအဝယ်တွေမှာ တိရိစ္ဆာန်အရှင်မျိုးစိတ်၁၇၃မျိုးအထိပါဝင်ပြီး အဲဒီအထဲမှာ မျိုးစိတ်၅၄ခုဟာ တကမ္ဘာလုံးမှာ မျိုးသုဉ်းတော့မယ်လို့ သတ်မှတ်ထားတာတွေဖြစ်တယ်လို့ အစီရင်ခံစာအရသိရပါတယ်။

သုတေသနမှူးတွေဟာ တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်နေတဲ့ ဖေ့စ်ဘုတ်အကောင့် ၆၃၉ခုကို ဖော်ထုတ်နိုင်ခဲ့ကြ ပါတယ်။ အကြီးဆုံးအွန်လိုင်းရောင်းဝယ်ရေးအုပ်စုတစ်ခုဆိုရင် အဖွဲ့ဝင် တစ်သောင်းကိုးထောင်ကျော်ရှိပြီး တစ်ပတ်ကို ပို့စ်ပေါင်း ဒါဇင်ကျော်တင်ထားတာတွေ့ရပါတယ်။

ရောင်းကြဝယ်ကြတဲ့ တောင်ရိုင်းတိရိစ္တာန်တွေအထဲမှာ ဆင်တွေ၊ဝက်ဝံတွေ၊မျောက်လွှဲကျော်တွေ၊ တိဘက်တောဆိတ်၊အန္တရာယ်အလွန်ရှိနေတဲ့ သင်းခွေချပ်တွေနှင့် အာရှလိပ်ကြီးမျိုးတွေလည်း ပါဝင်ပါတယ်။ လူကြိုက်အများဆုံးဖြစ်နေတာက မျောက်တွေဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် ဝယ်ကြတာဖြစ်ပါတယ်။

ရောင်းဖို့ကြော်ငြာထားတဲ့ တိရိစ္ဆာန်အများစုဟာ တောထဲက သယ်လာကြတာဖြစ်ပါတယ်။ အဲဒီအထဲမှာ သင်းခွေချပ် တွေနှင့်အတူ ကြောင်ကတိုးတွေပါ ပါဝင်ပြီး အဲဒီတိရိစ္ဆာန်တွေဟာ ဆားရစ်နှင့် ကိုဗစ်-၁၉ ရောဂါတွေ ကူးစက်နိုင်မယ့် အလားအလာရှိနေတာတွေ အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

“ လက်ရှိတိရိစ္ဆာန်ကနေကူးစက်တဲ့ရောဂါတွေအတွက် အာရှဟာ ပေါက်ဖွားရာဒေသအဖြစ် သတ်မှတ်ခံနေရတဲ့ အနေအထားမှာ မြန်မာနိုင်ငံမှာ တောရိုင်းတိရိစ္တာန်အွန်လိုင်းရောင်းဝယ်တာတွေဟာ အလွန်စိတ်ပူစရာ ကောင်းပါတယ်” လို့ WWF ရဲ့ အာရှပစိဖိတ် ဆိုက်ဘာမှုခင်းစီမံကိန်းအကြီးအကဲ ရှန်မာတင်ကပြောပါတယ်။

ရောင်းဝယ်ကြရာမှာ မျိုးမတူတဲ့ တိရိစ္ဆန်တွေကို နီးနီးကပ်ကပ်ထားတာ တစ်ခါတစ်ခါ လှောင်အိမ်တစ်ခုထဲ အတူထည့်ထားတာတွေ တွေ့ရတယ်လို့ သူကပြောပါတယ်။

တောင်ရိုင်းတိရိစ္တာန်တွေကို ရောင်းဝယ်ဖောက်ကားမှုအပေါ် ဥပဒေစည်းကမ်းဖြင့် တားမြစ်မှုမရှိဘဲ လူတွေနှင့် တောရိုင်းတိရိစ္ဆာန် အပြန်အလှန်ထိတွေ့ဆက်ဆံမှုတွေကြောင့် ကိုဗစ်-၁၉လိုမျိုး  ကာကွယ်ဆေးမတိုးတဲ့ သန္ဓေပြောင်းမှုအသစ်တွေဖြစ်ဖို့ အန္တရာယ်အလွန်ရှိနေယ်လို့ ပညာရှင်တွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ အဲဒီတိရိစ္တာန်တွေကို ရွှေ့ပြောင်းရာမှာ နည်းလမ်းဟောင်းတွေဖြစ်တဲ့ ဘတ်စ်ကားတွေကို အသုံးပြု နေတာဖြစ်တယ်လို့ သုတေသနတွေ့ရှိချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တိရိစ္ဆာန်တွေထဲမှာ အချို့ကို ထိုင်းကနေတင်သွင်းလာကြပြီး အဲဒီအထဲမှာ အောက်ချင်းငှက်နှင့်ကတ္တဝါတို့လိုငှက်တွေပါဝင်ပြီး မိချောင်းတွေကိုတော့ အိန္ဒိယကိုတင်ပို့ကြပါတယ်။ အချို့ကို  တော့ တရုတ်ကိုတင်ပို့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

WWF က အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပြုလုပ်နေကြတဲ့အထဲ မြန်မာရဲ့ အခန်းကဏ္ဍကို ဒီ့ထက်ပိုနားလည်အောင် ဆက်လက်လေ့လာဦးမယ်လို့ ဆိုထားပါတယ်။

Source AP