#LocalNews
Published_ 23 March 2022


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီ ဘလင်ကန် က မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုက်အဝန်းအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ပြောကြားချက်ကို ပြင်းထန်စွာကန့်ကွက်ပြီး ပြတ်သားစွာပယ်ချ လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာခဲ့တာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံအနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာစာချုပ်နှင့် ကုလသမဂ္ဂ၏ ပဋိဉာဉ်အောက်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ တည်ဆဲသက်ဆိုင်ရာ ကတိကဝတ် များကို အပြည့်အဝလိုက်နာလျက်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းစေမှုလုပ်ရပ်များ ကျူးလွန်ခြင်းမရှိခြင်း ၊ လူတစ်စု နှင့်တစ်စုဖြစ်စေ၊ လူမျိုးတစ်မျိုးကိုဖြစ်စေ ၊ ဘာသာတစ်ခုနှင့်တစ်ခု ကိုးကွယ်သည့် လူမျိုးအလိုက် ဖြစ်စေ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းတို့ မရှိခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ ပကတိအခြေအနေမှန် များနှင့် လွန်စွာကင်းကွာလျက်ရှိပြီး မခိုင်လုံသောအရင်းအမြစ်များ၊ အတည်ပြုနိုင်ခြင်း မရှိသော အချက်အလက်များနှင့် မမှန်မကန်စွပ်စွဲချက်များကို ရည်ညွှန်းကိုးကားထားတာ ကိုတွေ့ရှိရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးရည်ရွယ်ချက်ရှိပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အချက်အလက်များဖော်ပြပါရှိသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ပြင်းထန်စွာကန့်ကွက်ပြီး ပြတ်သားစွာပယ်ချလိုက်ကြောင်း ဖော်ပြထားပါတယ်။

#ymg_mnn
Yangon_Media_Group