Published 17 March 2022

ဆော်ဒီအာရေဗျနိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်က ယနေ့ နံနက် ၁၀နာရီက နေပြည်တော်တွင်  သံအမတ်ခန့်အပ်လွှာကို နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့တယ်လို့ နစက က သတင်းထုတ်ပြန်ပါတယ်။

သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲကို နစကနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချပ်၊ရန်ကုန်မြို့အခြေစိုက် ဆော်ဒီအာရေဗျသံရုံးမှ သံရုံး အရာရှိများတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့်‌ ဆော်ဒီအာရေဗျနိုင်ငံတို့ဟာ ၂၀၀၄ခုနှစ် ဩဂုတ်လ (၂၅)ရက်က စတင်ပြီး သံတမန်ဆက်ဆံရေးထူထောင်ခဲ့ကြပါတယ်။အဲဒီလိုထူထောင်ခြင်းဆိုင်ရာ သဘောတူညီချက်ကို နှစ်နိုင်ငံသံအမတ်ကြီးတွေက နယူးယောက်မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျသံအမတ်ကြီးအသစ်ဖြစ်တဲ့ မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်ဟာ ၁၉၉၃ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စတင်အမှုထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ပြည်ပ နိုင်ငံတွေက ဆော်ဒီသံရုံးတွေမှာ သူဟာ ရာထူးအဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကုလသမဂ္ဂအထွေထွေညီလာခံ၊လုံခြုံရေးကောင်စီနှင့် ကိုယ်စားလှယ်အဆိုပြုရေးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ တွင် ကုလသမဂ္ဂဌာနမှာ ညွှန်ကြားရေးမှူးချုပ်အဆင့် တိုးမြှင့်တဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၁၈ခုနှစ်မှာ အထူးကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးချူပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် ၂၀၁၉ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဌာနညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သံအမတ်ကြီးဟာ အာရဗီနှင့် အင်္ဂလိပ်ဘာသာတို့ကို တတ်ကျွမ်းတဲ့အကြောင်းသိရှိရပါတယ်။