Published 16 March 2022

၂၀၂၂ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ပွဲကို မတ်လ(၁၆)ရက် တပေါင်းလပြည့်နေ့က နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရဝုဏ်အတွင်းရှိ  သာသနာ့မဟာဗိမာန်တော်ကြီးမှာကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဗန်းမော်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာ သဒ္ဓမ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ကြီးမှူးတဲ့ ဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ်အပူဇော်ခံယူကြမယ့် ဆရာတော်သံဃာတော်တွေ ကြွရောက်ချီးမြှင့်တော်မူခဲ့ပါတယ်။

နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့အပါအဝင် နစကအဖွဲ့ဝင်များ၊အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ရှေးဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးထံမှာ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရွာမပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တ တိလောကာဘိဝံသထံမှ ဩဝါဒကထာကို နာယူခဲ့ကြပါတယ်။

အဲဒီနောက်မှာ နစကဥက္ကဋ္ဌက ဗန်းမော်ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်လှူဒါန်းပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့ရရှိတော်မူတဲ့ ရေစကြိုမြို့၊ မဇ္ဈိမာရုံ ပါရမီစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒသာရထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ် ပစ္စည်းတွေကို ဆက်လက်ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

အဲဒီနောက်နစကဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များက ဘွဲ့တံဆိပ်တော်များရရှိတော်မူကြတဲ့ ဆရာတော်ကြီးများကို ဆက်လက်ပြီး ဘွဲ့တံဆိပ်တော်တွေနှင့်လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။