#LocalNews
Published - 14 March 2022

 

ရန်ကုန်မြို့မှာ အိမ်မွေးတိရစ္ဆာန်ကြောင်တွေကိုဖမ်းဆီးပြီး ပြန်ရောင်းစားဖို့ ကြိုးစားခံရတဲ့ကြောင်တွေကို kind Heart Dogs Rescue and Shelter ကြောင်ဂေဟာက ပြန်လည်ကယ်ဆယ်ခဲ့ရပါတယ်။ အဲဒီကယ်ဆယ်ပုံကို လူမှုကွန်ယက်တွင် တိုက်ရိုက်ရုပ်သံတင်ဆက်ခဲ့ရာ ကြည့်ရှုသူလွန်စွာများပြားခဲ့ပါတယ်။

 

အခုညနေပိုင်းက ရန်ကုန်မြို့ ၁၀ မိုင်ကုန်း ရန်ကြီးအောင်လမ်းမှာ စိတ်မနှံ့သူဟုယူဆရတဲ့ အမျိုးသမီးတစ်ဦးက အိမ်မွေးတိရစ္ဆာန်ကြောင်တွေကို ဖမ်းဆီးထားတယ်လို့ ရပ်ကွက်နေပြည်သူတွေက kind Heart Dogs Rescue and Shelter ကြောင်ဂေဟာကို အကူညီတောင်းခဲ့တဲ့အတွက် ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။

 

“ ရပ်ကွက်ထဲကသူတွေ အကူအညီတောင်းကြတယ်၊ စိတ်မနှံတဲ့သူက အရက်သမားတွေဆီကို ရောင်းနေတယ်ပေါ့။ သူက ဖမ်းပေးတာပေါ့၊ ရောင်းတဲ့သူက တစ်ယောက်ရှိတယ်လို့ အဲလိုပြောကြတယ်။ အခုလက်ရှိကိုပဲ ကြောင်တွေကို ပိုင်ရှင်တွေက လာခေါ်ကြတာရှိတယ်။ အခုတော့ ကြောင်တွေအားလုံး ကျွန်တော်တို့ ပြန်ခေါ်ထားနိုင်ပါတယ်၊ အားလုံးပေါင်း ၇ ကောင်ရှိပါတယ်”လို့ Kind Heart Dogs Rescue and Shelter ကြောင်ဂေဟာက တာဝန်ရှိသူက ပြောပါတယ်။

 

ဖမ်းဆီးခံရတဲ့ ကြောင်တွေထဲမှာ ပိုင်ရှင်ရှိတဲ့ကြောင်တွေကိုလည်းပါဝင်သလို စုစုပေါင်း ၇ ကောင်ရှိပြီး ကြောင်တွေကို ဂေဟာကပဲ စောင့်ရှောက်သွားမယ်လို့ သိရပါတယ်။

 

#ymg/ei
#Photos CRD
#Yangon_Media_Group