#LocalNews
Published - 14 March 2022

 

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်ရှိ တိုက်ခန်း အရောင်းအဝယ်စျေးကွက်ဟာ ယခု ၂၀၂၂ ခုနှစ်အတွင်းမှာ ပြန်သွက်လာခဲ့ပြီး ယနေ့တွင် တိုက်ခန်းတစ်ခန်းလျှင် ကာလပေါက်စျေးထက် ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကျော်ခန့်အထိ စျေးနှုန်းများလည်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

 

"အခန်းတွေက အရောင်း၊အဝယ်တွေ ပြန်လိုက်နေတယ်လို့ ပြောရင်ရပါတယ်။ အရောင်းအခန်းတွေလည်း အမြဲရှိသလို အဝယ်တွေလည်းလိုက်လာပါတယ်။ ပြောရရင် ဒီဘက်အပိုင်းက စျေးသက်သာတော့ ဝယ်သူတွေက ပိုကြိုက်တာပေါ့။ တိုက်အဟောင်းတွေဘက်မှာလည်း အရောင်း၊အဝယ်ဖြစ်သလို တိုက်သစ်တွေဘက်မှာလည်း အရောင်းအဝယ်ဖြစ်ပါတယ်။

 

တိုက်ခန်းစျေးနှုန်းတွေက အနည်းဆုံး သိန်း ၁၃၀ ကျော်ကနေ သိန်း ၂၀၀၊ သိန်း ၃၀၀ အထိ ပေါက်စျေးရှိပါတယ်။ သူ့ အထပ်အလိုက်ပေါ့၊ မနှစ်ကတော့ အခြေအနေအ ကြောင်းကြောင်းကြောင့် တိုက်ခန်းအရောင်းအဝယ်တွေ အေးခဲ့တယ်။ ဒါပေမယ့် ဒီနှစ်ဆန်းပိုင်းကစပြီးတော့ အရောင်း၊ အဝယ်တွေ ပြန်ဖြစ်လာပါတယ်။"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

ယုဇနဥယျာဥ်မြို့တော်အတွင်းရှိ ယခင်တိုက်ဟောင်း လေးခန်းတွဲ ငါးထပ်တိုက်တွေအပါအဝင် စစ်တောင်းရိပ်မွန်ရှိ သုံးထပ်တိုက်များနှင့် အိုးအိမ်ဌာနမှ တည်ဆောက်ခဲ့သည့် အပိုင်း(၁၊၂၊၃) တိုက်သစ်များဘက်တွင် တိုက်ခန်းအရောင်းအဝယ်ဖြစ်နေတာဖြစ်တယ်လို့လည်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ဆိုပါတယ်။

 

လက်ရှိ ယုဇနဥယျာဥ်မြို့တော် တိုက်ခန်းပေါက်စျေးဟာ အပေါ်ဆုံးထပ်ဆိုပါက ကျပ်သိန်း ၁၃၀ ၊ ပထမထပ်ဆိုပါက ကျပ်သိန်း ၁၇၀ ခန့်နှင့် မြေညီထပ်ဆိုပါက ကျပ်သိန်း ၂၀၀ ကျော်မှ ကျပ်သိန်း ၃၀၀ ကျော်အထိ ပေါက်စျေးရှိနေတာဖြစ်တာလည်း ဖြစ်ပါတယ်။

 

"သူက လမ်းကောင်းရင်ကောင်းသလို အချက်အချာကျရင် ကျသလို တိုက်ခန်းစျေးနှုန်းတွေက ကွာသွားတာပေါ့။ လမ်းအလိုက် Block အလိုက်ပေါ့၊ စျေးနှုန်းကတော့ အမျိုးမျိုးရှိပါတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ymg/kg
#Yangon_Media_Group