#Local_News
Published_ 9 March 2022

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းရှိ အိမ်ခန်းများကို CHID ဘဏ်ချေးငွေ အစီအစဉ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စုဆောင်းငွေအနည်းဆုံး ကျပ်သိန်း ၃၀ ရှိသူများ၏ အမည်စာရင်းကို DUHD Sale Housing နှင့် CHIDB တို့ရဲ့ Facebook Page များ၌ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်တွင် ကြေညာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ငွေကျပ် သိန်း ၃၀ စုဆောင်းငွေပြည့်မီတဲ့ အိမ်ခန်းဝယ်ယူလိုသူများမှာ မတ်လ ၁၀ ရက်မှ ၁၈ ရက်အတွင်း DUHD Sale Housing Facebook Page ရဲ့ Messenger မှတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

 

ထိုသို့လျှောက်ထားရာတွင် လျှောက်ထားသူရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ အဖအမည်၊ အဆောက်အုံအမျိုးအစား၊ CHID ဘဏ်၏ Down Payment Serial No. နှင့် ဆက်သွယ်နိုင်သည့် ဖုန်းနံပတ်တို့ကို ပေးသွင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း၏ တည်နေရာ၊ အဆောက်အအုံအမျိုးအစား၊ အကျယ်အဝန်းနှင့် ဈေးနှုန်းများကို မတ် ၁၀ ရက်တွင် ကြေညာပေးမှာဖြစ်ပြီး၊ မဲနှိုက်ရောင်းချမယ့်အစီအစဉ်ကိုလည်း ထပ်မံအသိပေးသွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

#ymg_mnn
#Yangon_Media_Group