#LocalNews
Published - 5 March 2022

 

နိုင်ငံရေးပါတီ ၈၁ ပါတီရဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်များကို စစ်ဆေးပြီးပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

 

နိုင်ငံရေးပါတီများရဲ့ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနဲ့ ပစ္စည်းများစုဆောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနဲ့ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးတာတွေ UEC အနေနဲ့ လုပ်ဆောင်နေပါတယ်။

 

စစ်ဆေးခဲ့ရာမှာ ကချင်ပြည်နယ်အခြေစိုက်ပါတီ ငါးပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ နှစ်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ပါတီ နှစ်ပါတီ၊ တနင်္သာရီတိုင်းဒေသကြီး အခြေစိုက်ပါတီ တစ်ပါတီ၊ ပဲခူးတိုင်းဒေသကြီး အခြေစိုပါတီ သုံးပါတီတို့ ဖြစ်ပါတယ်။

 

ဒ့ါအပြင် မန္တလေးတိုင်းဒေသကြီး အခြေစိုက်ပါတီ ၃၆ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက် ပါတီ ၁၅ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီး အခြေစိုက်ပါတီနဲ့ ပြည်ထောင်စုနယ်မြေအခြေစိုက်ပါတီ လေးပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၈၁ ပါတီကို စစ်ဆေးခဲ့ပြီးပြီလို့ ဆိုပါတယ်။

 

ဆက်လက်ပြီး မတ်လ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ရန်ကုန်တိုင်းအခြေစိုက်ပါတီဖြစ်တဲ့ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ကရင်မျိုးပါတီတို့ကို စစ်ဆေးခံနိုင်ဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

 

မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်အထိ ရခိုင်ပြည်နယ်အခြေစိုက်ပါတီ ဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲချုပ်ပါတီနဲ့ ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ခူမီး(ခမီး)အမျိုးသားပါတီတို့ကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ချင်းပြည်နယ်တွင်လည်းကောင်း စစ်ဆေးခံနိုင်ဖို့ အကြောင်းကြားထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ymg/ei
#Yangon_Media_Group