#LocalNews
Published - 5 Mar 2022

 

ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံကြဖို့ ကျန်းမာရေးပညာရှင် ဒေါက်တာခင်ခင်ကြီး တိုက်တွန်းပြောကြားလိုက်ပါတယ်။

 

ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးရန်လိုအပ်ပြီး နို့တိုက်မိခင်တွေလဲ ကာကွယ်ဆေးထိုးလို့ရကြောင်းနှင့် ကာကွယ်ဆေးထိုးခြင်းကြောင့် အန္တရာယ်မရှိကြောင်း သုတေသနများစွာက ပြဆိုပြီးဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

 

"WHO, CDC ကလည်းကာကွယ်ဆေးထိုးရန် တိုက်တွန်းထားပါတယ်။ ကာကွယ်ဆေးမထိုးမိပါက ဖြစ်ပေါ်လာမည့်အန္တရာယ်က မိခင်အတွက်ရော ကလေးငယ်အတွက်ရော များစွာဆိုးကျိုးဖြစ်စေပါတယ်။

 

ဒါ့ကြောင့်ကာကွယ်ဆေးကို ထိုးဖြစ်အောင်ထိုးဖို့ တိုက်တွန်းအပ်ပါတယ်။"လို့ ဒေါက်တာ ခင်ခင်ကြီးက သူရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာကနေတစ်ဆင့် အသိပေးရေးသားခဲ့တာဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ဖို့ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းထားတာပါ။

 

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ လူဦးရေ စုစုပေါင်း(၂၃,၆၅၂,၄၃၂)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ (၂၁,၀၃၃,၄၃၆)ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၂,၆၁၈,၉၉၆)ဦး ရှိပြီဖြစ် တယ်လို့ သိရပါတယ်။

 

ထို့ကြောင့် အဆိုပါရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၄၄,၆၈၅,၈၆၈)ကြိမ်အား ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ သိရပါတယ်။

 

ဒါ့အပြင် ယနေ့အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲနမူနာစုစုပေါင်း(၇,၂၁၂,၉၀၁)ခုအား စစ်ဆေးခဲ့ပြီး အဆိုပါစစ်ဆေးမှုရလဒ်အရ ကိုဗစ် ၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း(၅၉၅,၈၂၁)ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

 

ထို့အပြင် ယနေ့အထိ (၅၄၄,၀၅၆)ဦးက ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီးဖြစ်သလို ကိုဗစ် ၁၉ ရောဂါဖြင့် သေဆုံးသူ စုစုပေါင်းက(၁၉,၃၈၃)ဦး ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

 

Photo - Internet

ymg/kg
#Yangon_Media_Group