#LocalNews
Published - 4 Mar 2022

 

စက်သုံးဆီဖိုး တစ်ရက်လျှင် ၂ သိန်းအထိကုန်ကျနေတာကြောင့် လူမှုရေးအသင်းအချို့က အကူအညီပေးမှုများကို ခေတ္တရပ်နားလိုက်ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယခုကာလမှာ အကြောင်းအမျိုးမျိုးကြောင့်ရပ်နားလိုက်ရတဲ့ လူမှုရေးအသင်းတွေလည်း ပိုမိုများပြားလာခဲ့တယ်လို့လည်း ဆိုပါတယ်။

 

ပရဟိတအသင်းတွေအနေနဲ့ လူမှုကူညီရေးလုပ်ငန်းများအား လုပ်ဆောင်ရာတွင် ယခင်က တစ်ရက်လျှင် ဆီဖိုး ၅ သောင်းကျပ်သာ ကုန်ကျရာမှ ယခုအခါတွင် စက်သုံးဆီဈေးနှုန်းတွေက အဆမတန်မြင့်တက်လာတာကြောင့် တစ်ရက်လျှင် ဆီဖိုးက ၂ သိန်းကျပ်အထိ ကုန်ကျမှု တွေရှိလာတာဖြစ်ပါတယ်။

 

"စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတယ်။ အလှူရှင်တွေ ရှားပါးလာတယ်။ ဒါကြောင့် လူမှုကူညီရေး ပရဟိတအသင်းတွေအနေနဲ့ ရေရှည်ရပ်တည်ဖို့က မလွယ်ကူတဲ့ အခြေအ နေနဲ့ ကြုံနေရတာပေါ့။ ဒီပုံအတိုင်းသာဆိုရင် ရှေ့ လျှောက်ရပ်တည်ဖို့က မလွယ်ဘူး။ ဘယ်လိုမှ ရပ်တည်လို့မရနိုင်ဘူး။ အရင်က လမ်းကြောင်းတစ်ကြောင်းကို ၅,၀၀၀ လောက်ပဲကုန်တာ။ အခုက ဆီတစ်သောင်းဖိုးဖြည့်လည်း ဘာမှမရ နှစ်သောင်းဖိုးဖြည့်လည်း ဘာမှမရ အဲ့လိုဖြစ်နေတာ။ ကူညီရေးလမ်းကြောင်းတွေထွက်ဖို့တောင် အခက်အခဲတွေရှိနေတာပါ။"လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ယခင်က လူမှုကူညီရေး ပရဟိတအသင်းပေါင်းများစွာရှိသော်လည်း ယခုအခါတွင် ရပ်တည်ရန်ခက်ခဲလာမှုကြောင့် အချို့အသင်းများအနေနဲ့ အကူအညီပေးမှုများကို ခေတ္တရပ်နားလိုက်ရတာတွေလည်း ရှိနေတာပါ။

 

အခုလို ရပ်နားသွားသည့် လူမှုကူညီရေးအသင်းတွေ များပြားလာသည့်အတွက် လူမှုကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရာမှာ နှောင့်နှေးကြန့်ကြာမှုအချို့လည်း ရှိနေခဲ့တာပါ။

 

"တတိယလှိုင်းတုန်းက အများပြည်သူ လှူထားတဲ့ ကားလေးကိုရောင်းပြီး အကူအညီပေးခဲ့ရတယ်။ အခုက ရောင်းစရာကားလည်းမရှိဘူးပေါ့ ။ အလှူငွေကလည်း တစ်ရက်ကို နှစ် သောင်း၊ သုံးသောင်း ဒီလောက်ပဲရတယ်။ ရေရှည်ရပ်တည်ကူညီဖို့က မလွယ်တဲ့အနေ
အထားပါ။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group