#LocalNews
Published-3 March 2022

 

ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့သွားမည့် မြန်မာစကားမပြောတတ်သည့် အထောက်အထားမဲ့ ၆၅ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မတ်လတစ်ရက်က ဖမ်းဆီးအမှုဖွင့်ခံလိုက်ကြောင်း သိရသည်။

 

၎င်းတို့ မှာရခိုင်ပြည်နယ် စစ်တွေ ၊ မောင်တော ၊ ဘူးသီးတောင်မြို့နယ်များမှဖြစ်ပြီး မြဝတီမြို့ ရပ်ကွက်(၂) ရှိနေအိမ်တစ်လုံးတွင်တည်းခိုနေစဉ် မြဝတီမြို့မှ ရဲတပ်ဖွဲ့နှင့် လဝကတို့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။

 

"သူတို့တွေက ရခိုင်ပြည်နယ် စစ်တွေ ၊ မောင်တော ၊ ဘူးသီးတောင်မြို့နယ်တွေက မွတ်ဆလင်တွေလို့ သိရတယ်။သူတို့ကို မေးကြည့်တဲ့အခါ မလေးရှားက ဆွေမျိုးတွေဆီကိုသွားမယ်လို့ ပြောတယ်။ထိုင်းကနေတစ်ဆင့် သွားကြမှာပေါ့။ရောက်လာတာကိုဒေသခံတွေက သိလို့ ဖမ်းကြတာ။မြန်မာစကားမပြောတတ်ကြဘူး"ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူကပြောသည်။

 

အဆိုပါ ၆၅ ဦးတွင် အမျိုးသမီး ၃၈ ဦး ၊ အမျိုးသား ၂၇ ဦးဖြစ်ကြောင်းနှင့် ယင်းအထဲတွင် ကလေးငယ် ၁ဝ ဦးလည်းပါဝင်ကြောင်း ၊ယခုအခါ လဝက အက်ဥပဒေပုဒ်မ(၆၃)ဖြင့် အမှုဖွင့်ထားပြီး ပြစ်ဒဏ်ချမှတ်ပြီးပါက ရခိုင်သို့ ပြန်ပို့ရန်စီစဉ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group