#LocalNews
Published - 28 Feb 2022

 

ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် IBEC ဆရာတော်ဒေါက်တာအရှင်သောဘိတသည် ငြိမ်းချမ်းရေးခရီးစဥ်အဖြစ် လာမည့် မတ်လ(၆)ရက်နေ့ညတွင် နယ်သာလန်လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံရှိ မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်သို့ ကြွရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ ခရီးစဥ်အတွင်း ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့ ကြား နားလည်မူစာချွန်လွှာရေးထိုးနိုင်ရန် မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်မှ တာဝန်ရှိသူများနဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာဖြစ်ပြီး IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လတာ ကြာမြင့်မှာဖြစ်ပါတယ်။

 

IBEC ဆရာတော်၏ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း နယ်သာလန် မြန်မာထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ရပ်တည်နိုင်ရေးထောက်ပံ့လှူဒါန်းကာ Stichting IBEC ကို စနစ်တကျအဖွဲ့အစည်းအဖြစ် ပြန်လည်တိုးချဲ့ဖွဲ့စည်းခြင်း၊ စပိန်နိုင်ငံကပ်ဆီးရပ်မြို့၌တည်ဆောက်မည့် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်သာသနာပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မြို့တော်ဝန်နှင့် စပိန်အစိုးရတာဝန်ရှိသူများ ကပ်ဆီးရပ်ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းတွေကို ပြုလုပ်ခဲ့ကြတာပါ။

 

ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ နယ်သာလန်၊ သဟိတ်မြို့၌ ပြုလုပ်ခဲ့တဲ့ အိုင်စီဂျေကြားနာပွဲကိုလည်း IBEC ဆရာတော်အနေနဲ့ အွန်လိုင်းမှ လေ့လာနားထောင်ခဲ့ပြီး ဖေဖော်ဝါရီလ(၂၆) ရက်နေ့တွင် နယ်သာလန်၊ သဟိတ်မြို့ ၊ အိုင်စီဂျေရုံးတော်သို့ သွားရောက်ကာ မှတ်တမ်းရယူခဲ့တယ်လို့ သိရပါတယ်။

 

ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း ဂျာမဏီနိုင်ငံ၊မြူးနစ်မြို့သို့ ကြွချီမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် ဩစတြီးလျားနိုင်ငံဗီယင်နာမြို့အနီး ဟားစတပ်မြို့သို့ကြွရောက်ကာ မတ်လ(၁)ရက်နေ့တွင် Linz မြို့သို့ ဆက်လက်ကြွရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

 

ဆက်လက်၍ မတ်လ(၂)ရက် ညတွင် အမ်စတာဒမ်သို့ ပြန်ရောက်မည်ဖြစ်ပြီး မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ နယ်သာလန်၌ သီတင်းသုံးမည်ဖြစ်ကာ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်သို့ သွားရာက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမှာဖြစ်တယ်လို့လည်း International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - IBEC - သတင်းထုတ်ပြန်ရေးအဖွဲ့။

 

ymg/kg
#Yangon_Media_Group