#LocalNews
Published - 21 Feb 2022

 

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်မြို့နယ် အင်းစိန်လမ်းမကြီးနဲ့ သမိုင်းဘူတာရုံလမ်းထောင့်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကသိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်က မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်၊ (၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထာင့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စိစစ်ခဲ့ရာ Mark II အဖြူရောင်ယာဉ် (စိစစ်ဆဲ)ပေါ်မှ လက်ပစ်ဗုံးဖြင့် ပစ်ခဲ့တာကြောင့် လမ်းထောင့်၊ City Mart ရှေ့ရှိ ယာဉ်ထိန်း Police Box အနီးသို့ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

 

"ပေါက်ကွဲမှုဖြစ်စဥ်က မှန်ကန်ပါတယ် ယာဥ်တစ်စီးပေါ်က လက်ပစ်ဗုံးနဲ့ပစ်သွားတာပါ။တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရှိပါတယ်"လို့ ရဲတပ်ဖွဲ့အရာရှိတစ်ဦးက အတည်ပြုပြောကြားပါတယ်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်ထိန်း Police Box အောက်ခြေကာရံထားတဲ့ သွပ်ပြားများ ကွာကျပျက်ဆီးခဲ့ပြီး ယာဉ်ထိန်း Police Box တွင် တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)၊ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဝဲ/ယာ ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင် (၃)ဦးကို ဆေးရုံသို့ပို့ဆောင်ထားပြီး လက်ပစ်ဗုံးနဲ့ပစ်ခတ်တဲ့ Mark II အဖြူရောင်ယာဉ်အား ဖမ်းဆီးရမိရေး ပိတ်ဆို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group