Published 20 February 2022

မြန်မာနိုင်ငံရဲ့ လက်ရှိကိုဗစ်ကူးစက်မှု အနေအထားဟာ မတ်လ(၁၃)ရက်နေ့မှာ အမြင့်ဆုံးအနေအထားရောက်ရှိလိမ့်မယ် လို့ကျန်းမာရေးသုတေသနလုပ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

ဝါရှင်တန်ပြည်နယ်၊ဆီယက်တဲလ်အခြေစိုက် Institute for Health Metrics and Evaluation (IHME)ရဲ့ နိုင်ငံအလိုက် ကိုဗစ်-၁၉ ကူးစက်မှု ခန့်မှန်းခြေပြဇယားတွေထဲမှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုခန့်မှန်းခြေမှာ အဲသလိုတွက်ချက်ဖော်ပြထားတာဖြစ်ပါတယ်။

အဆိုပါအဖွဲ့ရဲ့တွက်ချက်မှုအရ မတ်လ(၁၃)ရက်နေ့မှာ နေ့စဉ်အတည်ပြုလူနာတွေ့ရှိသူပေါင်းဟာ ၁၁၄၀၀ ကျော်ရှိ လာလိမ့် မယ်လို့ခန့်မှန်းထားပါတယ်။ မတ်လ၂၉ ရက်မှာ သေဆုံးမှုကလည်းအမြင့်ဆုံးဖြစ်ပြီး (၃၄)ဦးခန့်ရှိလိမ့်မယ်လို့လည်း ခန့်မှန်း ထားပါတယ်။

အဆိုပါ တွက်ချက်မှုများကို ဖေဖော်ဝါရီ(၉)ရက်အထိ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ်အခြေခံထားတဲ့အတွက် ဖေဖော်ဝါရီ၁၀ရက်မှ ယမန်နေ့ ဖေဖော်ဝါရီ ၁၉ရက်အထိ (၉)ရက်စာ အချက်အလက်တွေပါဝင်ခြင်းမရှိဘဲ ခန့်မှန်းထားတာဖြစ်ပါတယ်။အဲဒါကြောင့် မည်မျှအထိနီးစပ်မှန်ကန်မှုရှိမယ်ဆိုတာတော့ သေချာမသိနိုင်ကြောင်း မြန်မာနိုင်ငံက ကျန်းမာရေးပညာရှင်တစ်ဦးကပြောပါတယ်။

ကိုဗစ်ကူးစက်မှုတွေဟာ မတ်(၁၃)ရက်နောက်ပိုင်းတဖြည်းဖြည်းကျဆင်းပြီး မေလ(၃၁)ရက်နေ့မှာ အနိမ့်ဆုံးအဆင့် ပြန်လည် ရောက်ရှိလာနိုင်တယ်လို့ အဆိုပါအဖွဲ့ရဲ့ ခန်မှန်း တွက်ချက်မှုများအရသိရပါတယ်။ အလားတူပဲ အဲဒီရက်မှာ သေဆုံးမှု ဟာလည်း အနိမ့်ဆုံးသို့ပြန်လည်ရောက်ရှိမယ်လို့ တွက်ချက်ထားကြပါတယ်။

အိုမီခရွန်ကြောင့် ဇန်နဝါရီ စတုတ္ထပတ်ခန့်ကစတင်ခဲ့တဲ့ ကိုဗစ်ကူးစက်မှု စတုတ္ထလှိုင်းဟာ မေလကုန်မှာ ပြီးဆုံးသွားနိုင်တဲ့ အတွက် (၄)လကျော်ခန့်ကြာမြင့်နိုင်တယ်လို့ အဆိုပါခန့်မှန်းခြေပြဇယားတွေအရသိရပါတယ်။

“ကျွန်တော်လည်း အဲဒီလိုပဲစဉ်းစားမိပါတယ်။ မတ်၁၃မတိုင်ခင်မှာတင် အမြင့်ဆုံးတောင်ရောက်သွားနိင်တယ်။ အခုဆို အတည်ပြုလူနာ ၃၀၀၀ကျော်နေပြီ။ကူးစက်မှုနှုန်းကလည်း ၁၀ရာခိုင်နှုန်းကျော်လာပြီ။ ဒီအတိုင်းဆို အိုမီခရွန်ရဲ့ ကူးစက်တဲပုံစံဟာ နှစ်ရက်သုံးရက်အတွင်းနှစ်ဆတက်သွားနိုင်တယ်။ဖေဖော်ဝါရီလကုန်ပိုင်းမှာ အတည်ပြုလူနာ ၅၀၀၀ အထိ တောင်ရှိလာနိုင်တယ်။ သတင်းမပို့တဲ့သူတွေနှင့် ရောဂါလက္ခဏာမပြသူတွေ မခံစားရသူတွေလို ပျောက်ကွယ်နေတဲ့ ကူးစက်မှု တွေလည်းရှိတယ်။ အချို့သူတွေက ကိုယ့်ဘာသာကိုယ် စစ်ကြပြီး ကျန်းမာရေးဌာနကို သတင်းမပို့ကြတော့ဘူး။ကျေးလက်နှင့် အစွန်အဖျားဒေသတွေမှာလည်း ကူးစက်မှုတွေမသိတာတွေရှိနိုင်သေးတယ်” လို့ ကျန်းမာရေးပညာပေးပညာရှင် ဆရာ   ဒေါက်တာခင်မောင်လွင်က အဆိုပါ ပညာရှင်အဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုအပေါ် သုံးသပ်ပါတယ်။

ymg/knl

လာမည့်လများအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာတွေ့ရှိနိုင်မှု ခန့်မှန်းခြေဇယား  (Source IHME)

လာမည့်လများအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်ကြောင့် နေစဉ်သေဆုံးနိုင်မှုခန့်မှန်းခြေပြဇယား (Source IHME)