#LocalNews
Published - 17 Feb 2022

 

ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာက လူဦးရေ ၆,၀၀၀ ကျော်ဟာ တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က
ထုတ်ပြန်လိုက်ပါတယ်။

 

မြန်မာနိုင်ငံအ ရှေ့မြောက်ပိုင်း၊ ကချင်ပြည်နယ် ဖားကန့်၊ မိုးညင်း၊ ပူတာအို၊ ဆွန်ပရာဘွန်နဲ့ တနိုင်းမြို့နယ်တွေမှာ တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲတွေ ပြင်းထန်လာပြီး လေကြောင်းမှတိုက်ခိုက်မှုသတင်းတွေကို ကြားသိနေရတယ်လို့ (UNOCHA)က ဆိုပါတယ်။

 

အဆိုပါတိုက်ပွဲတွေကြောင့် အရပ်သားသေကြေဒဏ်ရာရမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှု၊ အရပ်သားပိုင်ပစ္စည်းများ ဖျက်ဆီးခံရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံမိတ်ဖက်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အဆိုအရ နေရပ်စွန့်ခွာထွက်ပြေးလာကြသူတွေဟာ မြစ်ကြီးနားနဲ့ ပူတာအိုမြို့တွေမှာ ဆွေမျိုးတွေနဲ့ သွားရောက်နေထိုင်နေကြရသလို အနီးအနားက တောတွေထဲထွက်ပြေးကြရသူတွေလည်း ရှိနေတယ်လို့ (UNOCHA)က ဖော်ပြပါတယ်။

 

ထို့ကြောင့် ဖေဖေါ်ဝါရီလ ၉ ရက်နေ့အထိ လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်သူမိတ်ဖက်တွေဟာ ဒေသခံလူထုအသိုင်းအဝိုင်းက လက်ခံထားသူ ဦးရေ ၁,၀၀၀ အတွက် အစားအစာဝယ်ရန် ငွေကြေး၊ အမိုးအကာ၊ အိုးခွက်ပန်းကန်စတဲ့ အိမ်ထောင်သုံးပစ္စည်း၊ တကိုယ်ရေသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာပစ္စည်းများကို ပေးအပ်ခဲ့ပြီးဖြစ် ကြောင်းနှင့် ကျန်ရှိသူများကို ဆက်လက်ပေးအပ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ (UNOCHA)က ဆိုပါတယ်။

 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာလာသူဦးရေ ၈,၆၀၀ ခန့် ရှိနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ၂၀၂၁ ခုနှစ် မတိုင်ခင် ပဋိက္ခတွေကြောင့် ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေရသူ ၉၆,၅၉၀ လည်း ရှိနေပါသေးတယ်လို့ (UNOCHA)၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group