#LocalNews
Published - 15 Feb 2022

 

၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့တွင် ကျင်းပမယ့် အာရှပစိဖိတ်ဒေသအတွင်း အနုပညာပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှာ စာရင်းပေးသွင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ပြိုင်ပွဲအမျိုးအစားအနေနဲ့ ဓာတ်ပုံပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကွန်ပျူတာပန်းချီနဲ့ ဂရစ်ဖစ်ဒီဇိုင်းပြိုင်ပွဲ တို့မှာ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲဝင်လက်ရာတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်ကို ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့ နောက်ဆုံးထားပေးပို့ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

 

ကင်မရာနဲ့ ရိုက်ကူးထားတဲ့ပုံတွေ၊ ပန်းချီမှာဆိုရင် ခဲ/ရောင်စုံ/ရေဆေး/ဆီဆေး တို့နဲ့ ယှဉ်ပြိုင်နိုင်ပြီး ဂရစ်ဖစ်ဒီဇိုင်းကို ကွန်ပျူတာနဲ့ ဖြစ်စေ၊ မိုဘိုင်းဖုန်း application နဲ့ဆွဲသားထားတဲ့ ဒီဇိုင်းတွေ၊ ကွန်ပျူတာပန်းချီမှာ ဆိုရင် dimensional hand-made arts တို့ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

 

ဆုချီးမြှင့်မှုအနေနဲ့ အငယ်တန်း/ အလွတ်တန်း ပထမဆု ၂ သိန်းကျပ်၊ ဒုတိယဆု တစ်သိန်းငါးသောင်းကျပ်၊ တတိယဆု တစ်သိန်းကျပ်တို့ ရရှိမှာဖြစ်ပါတယ်။

 

ဒါ့အပြင် နိုင်ငံအဆင့် ပထမဆုရရှိသူတွေရဲ့ လက်ရာတွေကို UNEP မှ ကြီးမှူးကျင်းပတဲ့ အာရှ-ပစိဖိတ်ဒေသတွင်း ဆိုင်ရာ Regional Ozone2climate art contest သို့ ဆက်လက်ပေးပို့ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

ပြိုင်ပွဲဝင်မယ့်သူတွေအနေနဲ့ အငယ်တန်းဆိုရင် ၂၀၂၁ ခုနှစ် ၉ လပိုင်းမှာ အသက် ၁၅ နှစ် မပြည့်သေးသူနဲ့ အသက် ၁၅ နှစ်အောက်ဖြစ်ရမှာဖြစ်ပြီး အလွတ်တန်းအနေနဲ့ ၂၀၂၁ ခုနှစ် ၉ လပိုင်းမှာ အသက် ၁၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမယ်လို့ ကြေညာထားပါတယ်။

 

ymg/ei
#Yangon_Media_Group