Published -12 Feb 2022 

ကမ္ဘာ့နိုင်ငံကြီးအချို့ဟာ မြန်မာနိုင်ငံကို သူတို့အလိုကျပုံဖော်ချင်နေကြပြီးဒေသတွင်းဩဇာကျယ်ပြန့်လာဖို့အတွက် နည်းမျိုးစုံနှင့် ဖိအားပေးအကျပ်ကိုင်တိုက်ခိုက်ပိတ်ဆို့နေကြတယ်လို့ နစကဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က ဗိုလ်ရှုခံရင်ပြင်မမှာ ကျင်းပတဲ့ ၇၅နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားမှာ နစကဥက္ကဋ္ဌက ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်နိုင်ငံရယ်လို့ အမည်နာမထည့်သွင်းပြောကြားမသွားပေမယ့် နစကအစိုးရအပေါ် အမေရိကန်၊ဗြိတိန်နှင့်အနောက်နိုင်ငံအချို့က စီးပွာရေးပိတ်ဆို့ကန်သတ်ခြင်းများအပါအဝင် သံတမန်ရေးအရပါ ဖိအားပေး မှုများလုပ်ဆောင်နေတာဖြစ်ပါတယ်။

"ယနေ့အချိန်မှာ ကမ္ဘာ့နိုင်ငံကြီးအချို့ဟာ နိုင်ငံငယ်များရဲ့ပြည်တွင်း ရေးကိစ္စတွေမှာ အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်း မျိုးစုံအသုံးပြုပြီး ဆောင်ရွက်နေကြပါတယ်"လို့ နယ်ချဲ့အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရရှိရေးအတွက် တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ သမိုင်းဝင်“ပြည်ထောင်စုနေ့”ရဲ့ ၇၅နှစ်ပြည့်အခမ်းအနားမှာ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအရ အရေးပါတဲ့နိုင်ငံကို သူတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနဲ့ ဒေသတွင်း သြဇာကျယ်ပြန့်လာရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးအကြပ်ကိုင် တာတွေ၊ အပြစ်ရှာဝေဖန်တိုက်ခိုက်တာတွေ၊ ပိတ်ဆို့အရေးယူတာတွေ ဆောင်ရွက်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။   တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း သံသယစိတ်များ ဖြစ်ပေါ်ကာ နိုင်ငံပြိုကွဲအောင်၊ တည်ငြိမ်မှုပျက်ပြားပြီး ဖွံ့ဖြိုးမှု နှောင့်နှေးအောင် ဆောင်ရွက်နေကြတယ်” လို့ နစကဥက္ကဋ္ဌက ဝေဖန်ပြောဆိုခဲ့ပါတယ်။

အဲဒီအပြင်ကာလရှည်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ က နိုင်ငံဖွံ့ဖြိုးရေးနှင့် စည်းလုံးညီညွတ်မှုကို များစွာထိခိုက်စေတယ်လို့လည်း သူက ပြောကြားလိုက်ပါတယ်။

"လွတ်လပ်ရေးနဲ့အတူဖြစ်ပွားခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်းလုံးညီညွတ်မှုကို များစွာထိခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ၊ ခွန်အားတွေ၊ စွမ်းအားတွေ ဒီပဋိပက္ခအပေါ်မှာ ဆုံးရှုံးခဲ့ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေ ထပ်မဖြစ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး ဆောက်ရွက်ကြရပါမယ်"လို့ပြောဆိုခဲ့ပါတယ်။                     

နစကအနေနှင့်လက်ရှိဆောင်ရွက်နေတာတွေဟာ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေး ဖြစ်တဲ့ တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ပုံဖော်နေတာ ဖြစ်တယ်လို့ပါသူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။     

ယနေ့ဖေဖော်ဝါရီ(၁၂)ရက်မှာကျင်းပတဲ့ စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက (၇)ဖွဲ့နှင့်   NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက (၄)ဖွဲ့တို့က ကိုယ်စားလှယ်များစေလွှတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ymg/hm