#LocalPolitics
Published -7 Feb 2022

 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ကူညီပံ့ပိုးမှုတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများကျင်းပပြီး ဝိုင်းဝန်းအဖြေရှာကြရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တိုက်တွန်းလိုက်ပါတယ်။

 

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ကျရောက်သော စိန်ရတုသျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ် RCSS ရဲ့ ထုတ်ပြန်ကြေညာချက်မှာ အထက်ပါအတိုင်းဖော်ပြထားပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အချို့အချင်းချင်းကြားဖြစ်ပွားခဲ့သော သျှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းများနဲ့ ဖြေရှင်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

 

ဆက်လက်ပြီး တိုက်ပွဲတွေကြောင့်အတိဒုက္ခရောက်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် RCSS က တတ်အားသရွေ့ ကူညီပံ့ပိုးနေပြီး ဆက်လက်ကူညီပံ့ပိုးပေးနိုင်ရေးအတွက်လည်း နည်းလမ်းရှာကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

 

တိုင်းရင်းသားများလက်ခံသော ဖက်ဒရယ်မူနဲ့အညီ သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို တဆင့်ပြီးတဆင့် ရေးဆွဲနိုင်ရန် RCSS မှ ကမကထပြု၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၃-၇)ရက်များအတွင်းကျင်းပခဲ့သည့် ပထမအဆင့် သျှမ်းပြည်ညီလာခံဖြစ်မြောက်ရေး တွေ့ဆုံဆွေးနွေးပွဲကို Video Conferencing နဲ့ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖြစ်မြောက်ရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်ကို ဆက်လက်ကျင်းပသွားမယ်လို့လည်း အသိပေးထားပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ဆက်လက်စီမံဆောင်ရွက်နေပြီး အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားတဲ့အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာမက NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်ထားပါတယ်။

 

ymg/hm
#Yangon_Media_Group