#LocalNews
Published - 1 Feb 2022


မြန်မာနိုင်ငံအပေါ် ရန်သူလိုဆက်ဆံနေတဲ့ နိုင်ငံတွေရဲ့ သဘောထားတွေကို ပြောင်းလဲလာအောင် မိတ်ဆွေဖြစ်လာအောင် အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ နစက တစ်နှစ်ပြည့်အနေနဲ့ နစက ဥက္ကဋ္ဌက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ပတ်သက်ကာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိတ်ဆွေ နိုင်ငံပဲ ရှိပါတယ်။ ရန်သူနိုင်ငံရယ်လို့မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံအပေါ် ရန်သူသဖွယ်ဆက်ဆံနေရင်တောင် အဲနိုင်ငံတွေရဲ့ သဘောထားကို ပြောင်းလဲလာအောင် ၊ မိတ်ဆွေ ဖြစ်လာအောင် အတက်နိုင်ဆုံးကြိုးစားဆောင်ရွက်ပါမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ နယ်စပ်ဒေသတွေကို ထာဝရတည်ငြိမ် အေးချမ်းတဲ့ နယ်စပ်ဒေသဖြစ်ဖို့ ငြိမ်းချမ်းချစ်ခင်တဲ့ အိမ်နီးချင်းဆက်ဆံရေးကို ထူထောင်သွားမှာ ဖြစ်ပြီး ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ပိုမိုခိုင်မာမှုရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနဲ့ အစိုးရရဲ့ ရှေ့လုပ်ငန်းတွေကို မထိခိုက်စေဘဲ နိုင်ငံတကာနဲ့အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမယ်” လို့ ဆိုပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း ယခုနှစ်မှာ ငြိမ်ချမ်းရေးအတွက် ခြေလှမ်းသစ်တွေ စရမယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ အသင့်ရှိနေတယ်လို့ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ထိုနောက် ဖယ်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်တာ မျှဝေခံစားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်ကို သွားမှာ ဖြစ်ပြီး မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ymg/ ei
#Yangon_Media_Group