#LocalNews

Published - 1 Jan 2022

 

သေနတ်သံကြားပြီး နှလုံးရောဂါအခံရှိသူ အဘွားအိုတစ်ဦး ထိတ်လန့်၍ သေဆုံးသွားခဲ့ရသည့် ဖြစ်စဥ်တစ်ခု ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်၊ နှစ်သစ်ကူးည (ညဦးပိုင်း)အချိန်က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ယမန်နေ့ ညဦးပိုင်းအချိန်က မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုများကြောင့် အဆိုပါမြို့နယ်၊ (ခ)ရပ်ကွက်အတွင်းရှိ အသက်(၇၈)နှစ်အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦးမှာ ထိတ်လန့်၍ အောက်ဆီဂျင်ကျနေသဖြင့် လာရောက်ကူညီပေးပါရန် လူနာရှင်မိသားစုက မြောက်ဥက္ကလာပ အရန်မီးသတ်တပ်ဖွဲ့သို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

ထိုသို့ အကူအညီတောင်းခံမှုအရ မြောက်ဥက္ကလာပအရန်မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီပေးခဲ့သော်လည်း စိတ်မကောင်းစွာဖြင့် အဘွားအိုမှာ
အသက်ဆုံးရှုံးသွားခဲ့ကြောင်း အဆိုပါ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။

 

ဒါ့အပြင် ယမန်နေ့ နှစ်သစ်ကူးညက ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပနှင့် မြို့နယ်အချို့တို့တွင် လုံခြုံရေးတပ်ဖွဲ့ များနှင့် လက်နက်ကိုင်အဖွဲ့အချို့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်တွေလည်း ရှိခဲ့တယ်လို့ အဆိုပါမြို့နယ်တွင် နေထိုင်သူများ၏ ပြောပြချက်အရ သိရပါတယ်။

 

ဓါတ်ပုံ - မြောက်ဥက္ကလာပအရန်မီးသတ်တပ်ဖွဲ့။

#Yangon_Media_Group