#LocalNews

Published - 1 Jan 2022

 

ခုခံကာကွယ်ပိုင်ခွင့်အရ ပြန်လည်လွတ်မြောက်လာသူကို FAME စက်ရုံတွင် ဝန်ထမ်းကောင်းအဖြစ် တာဝန်ပြန်လည်ထမ်းဆောင်နေသူ ဦးမျိုးသက်လွင်၏ ရဲစွမ်းသတ္တိရှိမှုအား ချီးမြှင့်တဲ့အနေဖြင့်လည်း ငွေကျပ် (၂၁၅) သိန်းတန်ဖိုးရှိ တိုက်ခန်းစာချုပ်နဲ့အခန်းသော့ကို ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ FAME ဆေးဝါးစက်ရုံက ထုတ်ပြန်လိုက်ပါတယ်။

 

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ သမီးရည်းစားစုံတွဲလုယက်ခံရမှုမှာ ပြန်ခုခံရာမှ တရားခံနှစ်ဦးကိုသေစေခဲ့သူ Fame မှ ဝန်ထမ်း ကိုမျိုးသက်လွင်ဟာ မကြာသေမီလပိုင်းက ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီဖြစ်စဉ်မှာ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီဝန်းကျင်မှာ လှိုင်သာယာ၊ပန်းလှိုင်ဂေါက်ကွင်းအနောက်ဘက် လမ်းဘေးတစ်နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုမျိုးသက်လွင်တို့ စုံတွဲကစကားပြောနေစဉ်မှာ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ခြိမ်းခြောက်လုယက်ခံရချိန်မှာ ကိုမျိုးသက်လွင်ရဲ့ ချစ်သူမိန်းကလေးကိုရိုက်နှက်ခဲ့တဲ့ လုယက်သူနှစ်ဦးကို ကိုမျိုးသက်လွင်က ပြန်ခုခံရာကနေ လုယက်သူ ၂ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

 


သူပြန်လည်လွတ်မြောက်စဥ်က "မနေ့ည ၇ နာရီက ကျွန်တော့်ရဲ့ FAME ဝန်ထမ်းဖြစ်သူ မောင်မျိုးသက်လွင် လွတ်မြောက်လာပါပြီ.. အားလုံး သိကြတဲ့အတိုင်း မောင်မျိုးသက်လွင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ လုယက်သူနှစ်ဦးကို ခုခံကာကွယ်ရင်း ဖြစ်ခဲ့တဲ့အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်.. ကိုဗစ်အခြေအနေနဲ့ အခြေအနေအမျိုးမျိုးကြောင့် အမှုရင်ဆိုင်ချိန်ဟာ ၁ နှစ်နဲ့ ၈ လနီးပါးလောက် ကြန့်ကြာနေခဲ့ရာကနေ အခုလို အပြီးသတ် လွတ်မြောက်လာခဲ့အတွက် အားလုံးဝမ်းသာပီတိဖြစ်ရပါတယ်.. အမှုရင်ဆိုင်နေခဲ့ရတဲ့ အချိန်အတွင်းမှာ မောင်မျိုးသက်လွင်ကို အလုပ်ကနေ မထုတ်ပယ်ဘဲ လစာအပြည့်နဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် ဆက်လက်ထားရှိပေးထားခဲ့ပြီး သူ့ရဲ့ရပိုင်ခွင့်ကို အပြည့်အဝပေးထားတဲ့အပြင် အမှုပြီးဆုံးတဲ့နေ့အထိ ဆေးခွင့်အနေနဲ့ သတ်မှတ်ပေးထားခဲ့ပါတယ်.. FAME မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်မျိုးသက်လွင်ရဲ့ ညီဖြစ်သူကိုလည်း အမြဲတမ်းဝန်ထမ်းအဖြစ်သတ်မှတ်ပြီး စောင့်ရှောက်ကူညီပေးခဲ့ပါတယ်… မောင်မျိုးသက်လွင်ရဲ့ သတ္တိကိုလေးစားလို့ အများကခေါ်ကြတဲ့ ပါဝါရိန်းဂျားက FAME ဆေးဝါးစက်ရုံမှာပဲ ဥယျဉ်မှူးလုပ်သား ဝန်ထမ်းကောင်းအဖြစ် ဆက်ပြီးတာဝန်ထမ်းဆောင်သွားမှာပဲဖြစ်ပါတယ်"လို့ ဒေါက်တာခင်မောင်လွင်က လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားခဲ့ပါတယ်။

 


ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ ဖြစ်ခဲ့တဲ့အမှုတွေကို စက်တင်ဘာ ၃၀ ရက်မတိုင်မီ အမှုမရုပ်သိမ်းလိုကြောင်း လျှောက်ထားမှုမရှိတဲ့ စစ်ဆေးဆဲအမှုတွေကိုလွှတ်ပေးဖို့ ညွှန်ကြားချက်အရ ကိုမျိုးသက်လွင်က အမှုကနေ ပြန်လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group