#LocalNews

Published - 1 Jan 2022

 

ယခုနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရမှာဖြစ်ပြီး နစက ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြထားသလိုသက်ဆိုင်သူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်လို့ နစကဥက္ကဌကပြောဆိုလိုက်ပါတယ်။

 

၂၀၂၂ ခုနှစ် နှစ်သစ်မိန့်ခွန်းမှာ နစက ဥက္ကဌက ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်းမှာ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရကြောင်း ယနေ့လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မလွဲမသွေခိုင်ခိုင်မြဲမြဲရှိစေရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ရပ်တည်ချက်များအပေါ်မှာ တတ်နိုင်သလောက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်လို့လည်း ပြောဆိုပါတယ်။

 

ဆက်လက်ပြီး ၂၀၂၂ ခုနှစ်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်စည်ပင်သာယာဝပြောရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးတို့အတွက် အစိုးရအနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ အကျုံးဝင်သူ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံပြီးစီးဖို့ ရည်မှန်း ဆောင်ရွက်ခဲ့ကာ ယခုအချိန်အထိ အသက် ၁၈ နှစ်နှင့် အထက် ၅၁ ရာခိုင်နှုန်းကျော်နဲ့ ကျောင်းများစဖွင့်နေပြီဖြစ်တဲ့အတွက်ကြောင့် အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား၊ ကျောင်းသူ ၈၇ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးနှံပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

ဆက်လက်ပြီး နိုင်ငံအတိုင်းအတာနဲ့လည်း ကာကွယ်ဆေးကို ပြည်တွင်းမှာပဲထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း အသိပေးလိုကြောင်းနဲ့ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်ပါက ၂၀၂၂ ခုနှစ်အတွင်း မျှော်မှန်းအုပ်စုကို ရာနှုန်းပြည့်ထိုးပေးနိုင်မှာဖြစ်ပါတယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

#Yangon_Media_Group