Published - 1 Nov 2021

ကိုဗစ်ရောဂါကပ်ဘေးကို ထောက်ပံ့ကူညီရန်အတွက် ပုဂ္ဂလိက လူသားချင်းစာနာထောက်ထားမှုမစ်ရှင်အဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းနှင့် နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန် မြန်မာနိုင်ငံကို ရောက်လာမည့် သတင်းမှာ မှန်ကန်ကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရန်ကုန်တိုင်းမ်ကို အတည်ပြုပြောဆိုသည်။

သူ့၏ ပြောရေးဆိုခွင့် မက်ဒလင်းမာဟိုနီက ဘီလ်ရစ်ချတ်ဆန်မြန်မာနိုင်ငံကို သွားရောက်နေပြီဟု ပြောသည့်အကြောင်း AP သတင်းတွင်လည်း ဖော်ပြထားသည်။

“လာဖို့ ရှိတာဟုတ်ပါတယ်။ အဓိက ကတော့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကူညီထောက်ပံ့မှုတွေအတွက် ဆွေးနွေးသွားဖို့ ရှိပါတယ်။ တွေ့သင့်သူတွေနဲ့တွေ့ဆုံမှာပါ" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ဘီလ်ရစ်ချတ်ဆန်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီ နိုင်ငံတကာအကြံပေးအဖွဲ့တွင် ပါဝင်ခဲ့ပြီး ယင်းနောက် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် နှုတ်ထွက်ခဲ့သူလည်း ဖြစ်သည်။ AP သတင်းအရ ၎င်းနှင့်အတူ အင်ဒိုနီးရှား၊ တောင်အာဖရိကနှင့် အယ်လ်ဂျီးနီးယားနိုင်ငံများမှ အမေရိကန်သံအမတ်ဟောင်း ကင်မရွန်ဟူးမ်နှင့် ရစ်ချတ်ဆန်စင်တာတို့လည်း လိုက်ပါကြမည်ဖြစ်ကြောင်း သိရသည်။

#Yangon_Media_Group