Published 4 June 2023

၂၀၂၃ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့ မြန်မာစံတော်ချိန် (၂၁:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။-

(က) (၅.၆.၂၀၂၃)ရက်နေ့မှ (၈.၆.၂၀၂၃)ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်း (LowPressure Area)တစ်ခု ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းထားခဲ့သော်လည်း ယနေ့မြန်မာစံတော်ချိန် (၂၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဖြစ်ပေါ်နိုင်သည့် အခြေအနေ လျော့နည်းသွားပြီး၊ မုတ်သုံလေအားကောင်းလာနိုင်သည့်အခြေအနေသာ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းရပါသည်။

(ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဖြစ်ပေါ်နိုင်သည့် အခြေအနေလျော့နည်းသွားသော်လည်း မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် (၈.၆.၂၀၂၃)ရက်နေ့မှ (၁၅.၆.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရ ပါ သည်။လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

၂။ အဆိုပါဖြစ်ပေါ်လာနိုင်သည့် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ ၊သင်္ဘောများအနေဖြင့်လည်းကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

-ymg/knl

#လေဖိအားနည်းဖြစ်နိုင်ချေလျော့ပါး

#မြန်မာရာသီဥတု

#YangonMediaGroup